ဗန်းမောက်အနီး ကျေးရွာ အချို့ စစ်ကော်မရှင်တပ် ပြန်လည် သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။ 

ကချင် – စစ်ကိုင်းအစပ်က ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်က ထိုးစစ် ပြန်ဆင်လာသောကြောင့်  တော်လှန် ရေး အင်အားစုဘက်က ကျေးရွာအချို့မှ ပြန်ဆုတ်ပေးထားရသည်ဟု မြေပြင် သတင်းအရင်းအမြစ်များ က ပြောသည်။

ဗန်းမောက်မြို့ကို စစ်ကော်မရှင်နှင့် ရှမ်းနီတပ်မတော် SNA ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်လာသဖြင့် သိမ်းပိုက် ထားသည့် ကျေးရွာအချို့ကို တော်လှန်ရေးအင်အားစုများ ပြန်လက်လွှတ်ထားရခြင်း ဖြစ်သည်။

စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ကျနော်တို့က တိုးလိုက် သူတို့က တိုးလိုက်ပါပဲ။ အခုက သူတို့က ပြန်တိုး နေတာ။ အင်အားအရမ်းများတယ်။ နှစ်ရွာလောက်ကနေ ပြန်ဆုတ်ပေးထားရတယ်။ ခမိုးဘက်နဲ့ စက်တော ဘက်။ သူတို့က ဟုမ္မလင်းဘက်က နယ်မြေခံ စကစတပ်ရင်း ၂ ရင်းက ကောင်တွေနဲ့ ရှမ်းနီ SNA တို့ ပူးပေါင်း ပြီး ထိုးလာတာ ဟု ပြောသည်။

အောက်တိုဘာ ၄ ရက်နေ့မှ စတင်ကာ စစ်ကော်မရှင်ဘက်က ဆက်တိုက် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ဗန်းမောက် မြို့နှင့် ၅ မိုင်အကွာရှိ ခမိုးကျေးရွာ၊ စက်တောကျေးရွာများကို ပြန်လက်လွှတ်ထားရခြင်း ဖြစ်သည်။

စစ်ကော်မရှင်သည် ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဟုမ္မလင်းမြို့နယ်ရှိ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ SNA တပ်သားများဖြင့် ပူးပေါင်း ထိုးစစ်ဆင်ဆင်လာသည်ဟု စစ်ရေး သတင်း အရင်းအမြစ်များက ပြောသည်။

စစ်ကော်မရှင် ပူးပေါင်းတပ်သည် တိုက်ပွဲအတွင်း လေကြောင်း အသုံးပြု တိုက်ခိုက်မှုများလည်း လုပ်နေပြီး အောက်တိုဘာလ ၅ ရက်နေ့၊ နေ့လည် ၂ နာရီ ဝန်းကျင်တွင် တိုက်ပွဲအတွင်း လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

လက်ရှိတွင် နှစ်ဖက်တပ်များသည် ဗန်းမောက်မြို့နှင့် ၅ မိုင်ပတ်ချာလည်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး တိုက်ပွဲ အတွင်း အခြေအနေ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

တော်လှန်ရေး အင်အားစုများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ ဗန်းမောက်မြို့ကို သိမ်းပိုက်ရရှိခဲ့ပြီး နောက် တစ်ဆက်တည်း၌ပင် ဗန်းမောက်မြို့ အနောက်ခြမ်းကို ဆက်လက် တိုက်ခိုက်ခဲ့ရာ ကျေးရွာအချို့ကို သိမ်းပိုက်ထားခဲ့ရာမှ လက်ရှိတွင် မြို့ကိုလက်မလွှတ်ရရေး ပြန်လည် ခုခံနေကြရသည်။

တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက သူတို့က လေယာဥ်တွေပါ သုံးတာလေ။ ကျနော်တို့ကျ လူနဲ့ဒရုန်းဘဲလေ ခံစစ်က မလွယ်ဘူးပေါ့လေ။ ကျနော်တို့က အရင်က ရွှေချောင်း၊ ပင်ဟင်းခါးတွေ အထိ တိုက်ထားနိုင်တဲ့ အနေ အထား။ ဒါပေမဲ့ အခုက သူတို့ ပြန်ထိုးစစ်ဆင်လာတော့ ပင်ဟင်းခါးတို့ စက်တောတို့ကို ကျော်ပြီးထိုးလာတာ ဟု ပြောသည်။

ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် တည်ရှိပြီး ကချင်ပြည်နှင့် ကပ်လျှက်တွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ရွှေ၊ သစ် စသည့် သယံဇာတများ ပေါများသည့် ဒေသဖြစ်သည့် အလျောက် နှစ်ဖက်တပ်များ အတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေး ကျွမ်းကျင်သူများက ဆိုကြသည်။