ပုသိမ်၌ မဲပေးသူ နည်းပါး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။ 

စစ်ကော်မရှင်က ကြီးမှူးကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ အုပ်ချုပ်ရေး အဖွဲ့များက ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက်နေသော်လည်း မဲရုံသို့ လာရောက်သူ အလွန် နည်းပါးနေကြောင်း ဒေသခံများနှင့် မဲရုံဝန်ထမ်းများက ပြောသည်။

ပုသိမ်မြို့တွင် ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲ၌ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မှတ်ပုံတင်ရှိရှိမရှိရှိ မဲလာပေးရန်၊ မလာပါက ဒဏ်ငွေ ကျပ် ၂၀,၀၀၀ ရိုက်မည်ဖြစ်ကြောင်းနှင့် အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းမည်ဟု လိုက်လံခြိမ်းခြောက်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။

အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပုသိမ်ဇာတိဖြစ်ပြီး မဲရုံသွားပြီး မဲမပေးရင် အိမ်ပေါ်အထိ တက်ပြီး ပေါ်တာဆွဲမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကြောက်လို့ သွားရတဲ့သူတွေလည်း ရှိတယ် ဟု ပြောသည်။

သို့သော် ယနေ့မြေပြင်အခြေအနေတွင် မဲရုံအများစု၌ မဲပေးသူ အလွန်နည်းပါးနေပြီး နံနက်ပိုင်းတွင်သာ လူ ၃၀ မှ ၅၀ ခန့်အထိ ရှိခဲ့သော်လည်း နံနက် ၁၁ နာရီနောက်ပိုင်းတွင် မဲရုံတစ်ရုံလျှင် ၅ ဦးထက်မပိုသော လူအရေအတွက်သာ ရှိတော့ကြောင်း မြို့ခံများက ပြောသည်။ 

ပုသိမ်မြို့ခံတစ်ဦးက မဲပေးဖို့ လာကြတဲ့သူက ရှိလှရင် ၃၀ လောက်ပဲ တန်းစီနေကြတာ။ စိတ်ဝင်စားမှု အတော် နည်းပါတယ်။ ၂၀၂၀ တုန်းက အုန်းအုန်းထနေတာနဲ့ အခုနဲ့ကတော့ တခြားစီပါပဲ ဟု နှိုင်းယှဉ်ပြောဆိုသည်။

မဲရုံအတွင်း၌လည်း လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်မရဘဲ စောင့်ကြည့်စစ်ဆေးမှုများ ကြုံတွေ့နေရကြောင်း မဲပေးခဲ့သူတစ်ဦးက ယခုကဲ့သို့ ပြောသည်။ 

မဲပေးတာကို မဲရုံစောင့်တစ်ဦးက စောင့်ကြည့်နေတယ်။ ဘယ်ပါတီကို ပေးတယ်၊ အမှားမလုပ်နိုင်အောင် စောင့်ကြည့်တာမျိုးပေါ့။ ပယ်မဲဖြစ်အောင် နှစ်နေရာ၊ သုံးနေရာ နှိပ်လို့မရအောင် စောင့်ကြည့်နေတာဗျ။ လုံခြုံလွတ်လပ်တယ်လို့ မခံစားရဘူး ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့တွင် အရပ်ဘက် ရပ်/ကျေးမဲရုံ ၁၉၃ ရုံနှင့် တပ်တွင်းမဲရုံ ၂၁ ရုံ၊ စုစုပေါင်း ၂၁၄ ရုံ ရှိသော်လည်း အရပ်ဘက် မဲရုံများထက် တပ်တွင်းမဲရုံများတွင်သာ မဲပေးသူ ပိုမိုများပြားနေသည်ကို တွေ့ရကြောင်း တပ်ဝန်း အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

နိုင်ငံရေး လေ့လာသူများကမူ ယခုရွေးကောက်ပွဲသည် ၂၀၂၀ ရွေးကောက်ပွဲကဲ့သို့ သက်သေခံလက်မှတ်များဖြင့် ပွင့်လင်းမြင်သာစွာ ရေတွက်မည်မဟုတ်သဖြင့် မတရားမှုများနှင့် အမှားများကြီးစိုးမည်မှာ သေချာနေကြောင်း ဝေဖန်ထောက်ပြလျက်ရှိသည်။ 

စစ်ကော်မရှင်သည် မဲမပေးသူများပြားလေလေ ၎င်းတို့စိတ်ကြိုက် ရလဒ်များကို ဖန်တီးခွင့်ရလေလေ ဖြစ်နိုင်သည်ဟုလည်း ၈၈ မျိုးဆက် တစ်ဦးက သုံးသပ်ပြောဆိုသည်။