ရှမ်းမြောက် မြို့သုံးမြို့၊ မြို့ပေါ်ရပ်ကွက် အချို့တွင်သာ ရွေးကောက်ပွဲလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။ 

ရှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ်အများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားချိန်တွင် စစ်ကော်မရှင် က လားရှိုး၊ မူဆယ်နှင့် နောင်ချိုမြို့ပေါ် ရပ်ကွက်အချို့၌သာ ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပနေသည်ဟု မြို့ခံများက ပြောသည်။

ဒေသတွင်း စစ်ရေးပဋိပက္ခနှင့် လုံခြုံရေးစိုးရိမ်မှုများကြောင့် မဲပေးသူ အလွန်နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ 

ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) တွင် စတင်သည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမပိုင်းတွင် ရှမ်းမြောက်ဒေသ၌ နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့နယ် (၃) ခုသာ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များ၌သာ ကွက်၍ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ 

သို့သော် မြို့ပေါ်၌ပင် လုံခြုံရေးအတွက် စစ်သားနှင့် ရဲများက လက်နက်အပြည့်အစုံဖြင့် ကင်းစောင့်နေပြီး လမ်းများကိုလည်း ပိတ်ဆို့ထားသည့်အတွက် လူအသွားအလာမှာ ပုံမှန်ထက် သိသိသာသာ နည်းပါးနေသည်။

နောင်ချိုမြို့နယ်မှ ဒေသခံတစ်ဦးက မဲရုံတွေကတော့ ဖွင့်ထားတာပဲ၊ ဒါပေမဲ့ သွားတဲ့သူက လက်ချိုးရေလို့ ရတယ်။ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေရယ်၊ မသွားရင် အရေးယူခံရမှာ ကြောက်တဲ့ ဝန်ထမ်းတချို့ရယ်ပဲ တွေ့ တယ်။ တခြားမြို့တွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်နေတော့ ဒီကလူတွေလည်း အိမ်ထဲက အိမ်ပြင်တောင် မထွက်ကြဘူး” ဟု ပြောသည်။

မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက် ၉ ခု၌ မဲရုံ ၁၈ ရုံသာ ဖွင့်လှစ်နိုင်ပြီး ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထား သည့် ပန်ဆိုင်း၊ မုန်းကိုးနှင့် မန့်ဟီးရိုးဒေသရှိ ကျေးရွာအုပ်စု ၆၂ အုပ်စုတွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပေ။ 

မူဆယ်မြို့ခံတစ်ဦးက မူဆယ်မှာတော့ မဲရုံတွေ ဖွင့်တယ်။ ဒါပေမဲ့ လူထုက စိတ်မဝင်စားသလို သွားပေးတဲ့ သူလည်း မရှိသလောက်ပါပဲ။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေကပဲ မဲရုံနားမှာ သေနတ်ကိုင်ပြီး စောင့်နေတာ။ မဲမပေး ရင် စာရင်းမှတ်မယ်လို့ ခြိမ်းခြောက်ထားတာလည်း ရှိတယ်။ ဒါပေမယ့် မသွားတဲ့လူက များပါတယ်။ သွားတဲ့ လူတွေကလည်း သူတို့လူတွေပဲလေ။ ဒီဝန်ထမ်းတချို့နဲ့ သူတို့မိသားစုတွေပဲ သွားကြတာမျိုး တွေ့တယ်” ဟု ပြောသည်။

လားရှိုးမြို့တွင်လည်း စစ်ကော်မရှင်က လုံခြုံရေး အလွန်အမင်း တင်းကျပ်ထားပြီး ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအတွင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မြို့တွင်းစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေသည်။ 

လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက မဖြစ်မနေ မဲလာပေးဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်ပြောသွားတယ်။ မဲရုံသွားရင်လည်း ဖုန်းယူမလာရဘူးဆိုပြီး တားမြစ်ထားတာတွေ ရှိတယ်။ မဲရုံတိုင်းမှာ ဂျမ်မာတွေလည်း တပ်ထားတယ်” ဟု ပြောသည်။

လားရှိုးနှင့် မူဆယ်မြို့များရှိ ရွေးကောက်ပွဲတွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့သာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ 

သို့သော် မြို့နယ်ပေါင်း ၂၀ ကျော်ရှိသည့် ရှမ်းမြောက်ဒေသတွင် မြို့နယ် ၃ ခု၏ မြို့ပေါ်၌သာ ဟန်ပြလုပ်ဆောင် နိုင်ခြင်းသည် စစ်ကော်မရှင်၏ နယ်မြေစိုးမိုးမှု လုံးဝကျဆင်းနေခြင်းကို ပြသနေကြောင်း နိုင်ငံရေးလေ့လာသူများ က ထောက်ပြနေကြသည်။

ဓါတ်ပုံ – MOI