မနက် လင်းအားကြီးတွင် လပခ ဌာနချုပ် ရှော့တိုက်ဒုံးများ ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
မန္တလေးနန်းတွင်းရှိ လပခ ဌာနချုပ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ၊ မြို့တွင်းရှိ မဲရုံများတွင် မဲပေးသူနည်းပါးပြီး လုံခြုံရေးပါ တင်းကျပ်ထားရသည်ဟု မြို့ခံများက ပြောသည်။
စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်သည့် အနေဖြင့် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို တော်လှန်ရေး အင်အားစုများက ရှော့တိုက်ဒုံးများဖြင့် ယနေ့နံနက် အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ မြို့ပေါ်ရှိ မဲရုံများတွင်လည်း မဲပေးသူ အလွန်နည်းပါးနေသည်။
ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် Brave Warriors For Myanmar (BWM) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ များက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၄ လုံးမှာ လပခ ဌာနချုပ်အတွင်းသို့ ကျရောက်ပေါက် ကွဲခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင် တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း BWM ဘက်က အတည်ပြုထား သော်လည်း စစ်ကော်မရှင်ခန့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကမူ ရှော့တိုက်ဒုံးများမှာ ကျုံးအတွင်းနှင့် လူနေအိမ်ပေါ်သို့ ကျရောက်ခဲ့သဖြင့် အရပ်သား ၂ ဦး ဒဏ်ရာရခဲ့သည်ဟု သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။
နန်းတွင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ BWM တာဝန်ရှိသူတစ်ဦးက “ပြည်သူထိမှာစိုးလို့ လပခထဲကိုပဲ ပစ်တာ ပါ။ ၄ လုံးလုံး လပခထဲ ကျရောက်ပေါက်ကွဲတာ နယ်မြေခံသတင်းတွေအရ သိရပါတယ်။ စစ်တပ်က လက်နက် ကြီးငယ်တွေနဲ့ တရစပ် ရမ်းသန်းပြီး ပြန်ပစ်ခတ်တာတွေကြောင့် မြို့နေပြည်သူတချို့ ထိခိုက်တာကိုလည်း သတင်းအတိအကျ ရထားပါတယ်” ဟု ပြောသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် မန္တလေးတိုင်း အတွင်းရှိ အောင်မြေသာစံနှင့် ချမ်းအေးသာစံ အပါအဝင် မြို့နယ် ၈ မြို့နယ် ပါဝင်သော်လည်း မဲရုံများတွင် မဲပေးသူ အလွန်နည်းပါးနေသည်။
မြို့ခံတစ်ဦးက မြေပြင်အခြေအနေကို “မဲရုံတွေမှာ မဲပေးသူက ၂၀၊ ၃၀ လောက်ပဲ ရှိတယ်။ တချို့မဲရုံတွေက ၅၀ လောက်ပဲ ရှိတာပါ။ မနက်အစောပိုင်းမှာ လာတဲ့သူတချို့ရှိပေမယ့် တဖြည်းဖြည်း လူပါးသွားပြီး ဘယ်မှာမှ လာ တိုးပြီး ပေးနေတာမျိုး မရှိဘူး” ဟု ပြောသည်။
စစ်ကော်မရှင်သည် မန္တလေးမြို့ပေါ်တွင် လုံခြုံရေး အလွန်အမင်း တင်းကျပ်ထားပြီး၊ မဲရုံများအနီးရှိ လမ်းများကို ပိတ်ဆို့ထားကာ လက်နက်ကိုင်အင်အားအပြည့်ဖြင့် ကင်းလှည့်နေသည်။
အောင်မြေသာစံမြို့နယ်ရှိ တပ်တွင်းမဲရုံ ၁၇ ရုံအနက် အချို့မဲရုံများမှာ နံနက် ၈ နာရီခန့်ကတည်းက မဲပေးသူ ကုန်သွားသဖြင့် ပိတ်လိုက်ရသည်ဟု မြိုခံအချို့က ဆိုသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်များက စစ်ကိုင်းတိုင်း၊ မင်းဝံတောင်ရိုးဘက်သို့ လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သလို၊ မြို့ပေါ်လမ်းမများတွင်လည်း လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေသည်။
မန္တလေးမြို့ခံများကမူ ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှုမရှိဘဲ ပေါက်ကွဲမှုများကြောင့် လုံခြုံရေးကိုသာ စိုးရိမ်နေကြကြောင်း ဆိုသည်။