မန္တလေးတိုင်းအတွင်း နေအိမ် အလုံး ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး ရွာသားတစ်ဦး အသတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

ညောင်ဦးတွင် စစ်ကော်မရှင် စစ်ကြောင်းက နေအိမ် အလုံးရေ ၁၀၀ နီးပါး ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြီးများ ပစ်ကူကာ ၄ ရက် ဆက်တိုက် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီးနောက်၊ ကျေးရွာ ၆ ရွာမှ နေအိမ် အလုံးရေ ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် အရပ်သားတစ်ဦးကိုလည်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။

အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကော်မရှင် စစ်ကြောင်းသည် ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ကာ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း အနောက်ဘက်ခြမ်းသို့ လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါစစ်ကြောင်းသည် ဇီးစမြင်၊ ကျောက်ပြင်ကန်၊ ဇက၊ ကြအို၊ ကြအိုကျွန်းနှင့် မီးလောင်ဖျားကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် စီးနင်းကာ နေအိမ်များအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ခြင်းနှင့် အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။ 

ဇီးစမြင်ရွာသားတစ်ဦးက ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ယခုကဲ့သို့ ပြောပြသည်။ 

အဝေးကနေပြီး ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းထုတာ၊ နောက်မှဝင်လာပြီး ဗြောင်းဆန်အောင် မွှေနှောက်ပြီး စိတ်ကြိုက်ဖြစ်တော့မှ အိမ်တွေကို မီးရှို့သွားတာ။ ကြက်၊ ဝက်၊ ဆိတ် ဆိုတာကတော့ သတ်ပြီး ချက်စားသွား ကြတာပေါ့။

ဇန်နဝါရီလ ၅ ရက်နေ့တွင်မူ ကျောက်ပြင်ကန်ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ထိုအထဲမှ ပေါင်တွင် ဒဏ်ရာရရှိထားသဖြင့် မပြေးနိုင်သည့် အမျိုးသားတစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးကာ ဓားဖြင့် မွှန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သည်။ 

ကျောက်ပြင်ကန်ရွာသားတစ်ဦးက ပေါင်ထိတဲ့သူက မပြေးနိုင်ဘဲ အဖမ်းခံရပြီး အသတ်ခံလိုက်တာ။ ဓားနဲ့ မွှန်းသွားတဲ့ ဒဏ်ရာတွေ မြင်မကောင်းဘူး။ ရွာထဲက အိမ်တွေနဲ့ ကား၊ ဆိုင်ကယ်တွေကိုလည်း မီးရှို့သွားတယ် ဟု ဆိုသည်။

ထို့ပြင် ကြအိုကျွန်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးရုံသာမက ကျေးရွာသား ၃၀ ကျော်ကိုလည်း စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ ဖမ်းဆီးခံရသူများကို ပြန်လည်လွတ်မြောက်ရန် ငွေကြေးဖြင့် လာရောက်ရွေးခိုင်းနေကြောင်း ကြအိုကျွန်းရွာမှ အမျိုးသမီးတစ်ဦးက ပြောပြသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလအတွင်းကလည်း ယခုကဲ့သို့ စစ်ကော်မရှင်၏ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံသောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ 

လက်ရှိတွင် အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းသည် မီးလောင်ဖျားကျေးရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ် ကာ ဆက်လက်စစ်ကြောင်းထိုးနေသဖြင့် အနီးနားရှိ ကျေးရွာပေါင်းများစွာမှ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်ကာ တောတောင်များအတွင်းသို့ ထပ်မံတိမ်းရှောင်နေကြရသည်။

ဓါတ်ပုံ – ပုံဟောင်း