မထိနဲ့၊ မရွှေ့နဲ့၊ သတင်းပို့ – စစ်လက်ကျန်ပစ္စည်း အန္တရာယ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်။

ဒီတပတ် အစီအစဉ်မှာတော့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေရဲ့ အန္တရာယ်က ဘယ်လို ရှိသလဲ။ အဲဒီ အန္တရာယ်ကို ဘယ်လို ရှောင်ရှားကြမလဲ ဆိုတာကို တင်ဆက်ထားပါတယ်။ 

ပထမဆုံး သတင်းစကားကတော့ 

“မထိနဲ့၊ မရွှေ့နဲ့၊ မထိနဲ့၊ တွေ့ရင် သတင်းပို့ပါ” ဆိုတဲ့ သတင်းစကားပါ။ 

ဒါက မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေ အကြောင်း ပြောတဲ့အခါ မမေ့မလျော့ ရှိနေရမယ့် အချက်ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဆက်လက် ပြောပြသွားမှာပါ။ 

မြန်မာ့ ငြိမ်းချမ်းရေး စောင့်ကြည့်ရေး အဖွဲ့ (MPM) ရဲ့  ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ သတင်းတပုဒ်မှာ ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခု ပါဝင်နေပါတယ်။ 

နိရဉ္စရာ သတင်းဌာနကို ကိုးကားထားတဲ့ သတင်းက ရခိုင်ပြည် မောင်တောက အဖြစ်အပျက်တစ်ခုကို ဖော်ပြထားတာပါ။ 

မောင်တောမြို့ကနေ လေးမိုင်အကွာ နယ်စပ်နားက မကျည်းကုန်း ရွာလေးမှာ ဖြစ်ပွားခဲ့တာပါ။ ရွာက ကလေးနှစ်ယောက်က လက်ပစ်ဗုံး တစ်လုံးကို ကောက်ရပါတယ်။

ဒါပေမယ့် သူတို့က လက်ပစ်ဗုံးမှန်း မသိပါဘူး။ တယောက်နဲ့ တယောက် ပစ်ကစားကြပါတယ်။ အဲဒီလို ပစ်ကစားနေရင်း စနစ်တန် ပြုတ်ထွက်သွားတာလို့ ဒေသခံ တယောက်က ပြောပြပါတယ်။ 

စနက်တန် ပြုတ်ထွက်သွားတဲ့ လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် ကစားနေတဲ့ ကလေး တစ်ယောက်ကတော့ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး နောက်တယောက်ကတော့ ဆေးရုံကို ပို့နေရင်း သေဆုံးသွားခဲ့ရပါတယ်။ 

အဲဒီ အနီးအနားမှာရှိနေတဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသား တစ်ယောက်ကတော့ ဒဏ်ရာရသွားခဲ့ပါတယ်။ 

ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ ယူနီဆက်ဖ် (UNICEF) ရဲ့ အစီရင်ခံစာ တစ်ခုမှာတော့ မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းတွေရဲ့ အန္တရာယ် ဘယ်လောက်အထိ ကြီးမားနေ သလဲ ဆိုတာ ဖော်ပြထားပါတယ်။ 

အဲဒီ အစီရင်ခံစာကတော့ ၂၀၂၅ ခုနှစ် ဇန္နဝါရီလ ကနေ ဇွန်လအထိ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်ကျန် ပစ္စည်းတွေရဲ့ အန္တရာယ်ကို ဖော်ပြထားတာပါ။ 

အစီရင်ခံစာ အရဆိုရင် ဒီနှစ်ရဲ့ ပထမ ခြောက်လပတ်အတွင်းမှာ နိုင်ငံတဝှမ်း ထိခိုက် သေဆုံးသူ ၃၅၇ ယောက် ရှိတယ်လို့ ဆိုပါတယ်။ 

အဲဒီထဲမှာတော့ ရှမ်းပြည်မှာ ၂၉ % နဲ့ အများဆုံး၊ ဒုတိယက‌တော့ ရခိုင်ပြည် ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြေမြုပ်မိုင်းအန္တရာယ်တွေ့ကြုံမှုတွေ များပြားလှသလို သူနဲ့ အမြဲတွဲဖက် ဖော်ပြတဲ့ ပေါက်ကွဲ စေတတ်တဲ့ စစ်လက်ကျန် ပစ္စည်း ပေါက်ကွဲမှု ကလည်း မနည်းလှပါဘူး။ 

လက်ရှိနိုင်ငံရေး အခြေအနေတွေအရ ရှမ်းပြည်မြောက်ပိုင်း က လားရှိုး၊ နောင်ချို၊ မိုးမိတ် နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အဝင်အထွက် အပြောင်းအလဲတွေ အများအပြား ရှိနေပါတယ်။ 

၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေ အတွင်းမှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ နဲ့ အပိုင်း ၂ အတွင်း ဒီဒေသတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ 

ဒေသတွင်းမှာ အရင်က မြို့ကိုထိန်းသိမ်းထားတဲ့ အဖွဲ့တွေ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးအင်အားစု တွေက မြို့နယ်အသီးသီးကို ဝင်ရောက်ထိန်းချုပ်ခဲ့ကြပါတယ်။ 

လားရှိုးမြို့အပါအဝင် နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို သက်ဆိုင်ရာ အင်အားစုအသီးသီးက နေရာ ယူထားခဲ့တာပါ။ 

ဒါပေမဲ့ ဒီနှစ်အတွင်းမှာတော့ အိမ်နီးချင်းနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် အဲ့ဒီဒေသတွေကနေ တော်လှန်ရေး တပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာပေးခဲ့ရပြီး လက်ရှိအုပ်ချုပ်ရေး ယန္တရားကပဲ နယ်မြေတွေကို ပြန်လည်စိုးမိုးလာခဲ့ ပါတယ်။

ဒီလို တပ်ဖွဲ့တွေ မထွက်ခွာခင်နဲ့ ထွက်ခွာပြီးနောက်မှာလည်း ဒီမြို့တွေ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ရှိနေခဲ့ပါ တယ်။ 

ဒီလို တိုက်ပွဲတွေနဲ့ တပ်အဝင်အထွက်တွေ ရှိခဲ့တာကြောင့် ဒီဒေသတွေဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန် ပစ္စည်းတွေ အန္တရာယ် ကြီးမားလျက်ရှိနေပါတယ်။ 

မြေမြုပ်မိုင်းတွေနဲ့ ပတ်သက်လို့ အရင် အပတ်တွေမှာ အတော်များများ ပြောပြပြီး ဖြစ်တာမို့ ဒီတပါတ်မှာတော့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန် ပစ္စည်းတွေ အကြောင်း အဓိကထားပြီး ပြောပြချင်ပါတယ်။ 

မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းဆိုတာကတော့ စစ်ပွဲ အတွင်း ပစ်ခတ်ခဲ့ပေမယ့် မပေါက်ကွဲသေးပဲ ကျန်နေတဲ့ ဗုံးတွေ၊ မိုင်းတွေ၊ လက်ပစ်ဗုံးတွေ၊ အမြောက်ဆံတွေနဲ့ တခြား ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ 

အဲဒီ ပစ္စည်းတွေကိုတော့ စစ်ပွဲ ဖြစ်ခဲ့ဖူးတဲ့ နေရာတွေ၊ စိုက်ခင်းတွေဦ၊ တောတွေ၊ ရေကန်တွေ၊ လမ်းဘေး နေရာတွေနဲ့ စစ်တပ်တွေရဲ့ စစ်လေ့ကျင့်ရေး နေရာဟောင်းတွေမှာ တွေ့ရတတ်ပါတယ်။ 

ဒီပစ္စည်းတွေဟာ အထဲမှာပါတဲ့ ယမ်းတွေနဲ့ မိုင်းစတွေ ကျန်ရှိနေတာကြောင့် ကာလကြာရှည်ပေမယ့်လည်း မတော်တဆ ထိမိရုံနဲ့ ပေါက်ကွဲနိုင်စွမ်း ရှိနေသေးတာလည်း ဖြစ်ပါတယ်။ 

မတ်လ ၇ ရက် နေ့လည်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာတော့ ခေါက်ဆွဲဆိုင် တစ်ဆိုင်မှာ လူတယောက်ရဲ့ အိတ်ထဲမှာပါလာတဲ့ လက်ပစ်ဗုံးကို ဆွဲမိရာက ပေါက်ကွဲ ခဲ့ပြီး လူ ၂ ယောက်သေဆုံးပြီး လူ ၃ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။ 

လက်ပစ်ဗုံးပါလာတဲ့ ဦးအားရှင်းနဲ့ ဦးကျော်ဌေး ဆိုသူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။ 

အလားတူပဲ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တုန်းကလည်း သီပေါမြို့ ကုံးစုံ ကျေးရွာက နေအိမ် တစ်ခု အတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပြီး ဒေသခံ ၂ ယောက် သေဆုံးခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ သီပေါမြို့က တုံစင့်ရပ်ကွက် နယ်မြေ ၂ မှာ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လက်ပစ်ဗုံးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။ 

ဒါကြောင့် စစ်လက်ကျန် ပစ္စည်းတွေ တွေ့ခဲ့မယ်ဆိုရင် ပေါက်ကွဲ နိုင်သည် ဖြစ်စေ မပေါက်ကွဲ နိုင်သည်ဖြစ်စေ တွေ့တာနဲ့ ချက်ချင်း ရပ်တန့်ပါ၊ ရောက်ရှိနေတဲ့ နေရာကနေ ကြည့်ရှုပါ။ 

လုံးဝ မထိပါနဲ့၊ မရွှေ့ပါနဲ့ တူးဖော်ခြင်း သို့မဟုတ် ရှိနေတဲ့ ပုံသဏ္ဍာန်ကို မပြောင်းလဲပါနဲ့။ 

သက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့က ပေါက်ကွဲပစ္စည်း ရှင်းလင်းရေး အဖွဲ့ ဒါမှ မဟုတ် သက်ဆိုင်ရာ အုပ်ချုပ်ရေး ဌာန ကို ချက်ချင်း အကြောင်းကြားရမှာ ဖြစ်ပါတယ်။ 

တွေ့ရှိတဲ့နေရာကို ကျောက်တုံး၊ သစ်ကိုင်း စတဲ့ လူအများမြင်နိုင်မယ့် အရာတစ်ခုခုနဲ့ အမှတ်အသား လုပ်ခဲ့ရမှာ ဖြစ်ပါတယ်။ 

ဒါမှလည်း ကိုယ်ကိုယ်တိုင် ပြန်လာ ပြတဲ့အခါ ဒါမှမဟုတ် သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ပြောပြီး လာရှာတဲ့အခါ အလွယ်တကူ တွေ့နိုင်မှာ ဖြစ်ပါတယ်။ 

တခြားလူတွေ၊ အထူးသဖြင့် ကလေးငယ်တွေ အဲဒီနေရာကို မသွားအောင် သတိပေးပါ၊ အနီးအနားက လူတွေကိုလည်း အကူအညီတောင်းထားဖို့ လိုပါလိမ့်မယ်။ 

ပေါက်ကွဲ တတ်တဲ့ စစ်ကျန်ပစ္စည်းတွေဟာ အထူး သဖြင့် ကလေးတွေကို အန္တရာယ် ဖြစ်စေတတ်ပါတယ်။ 

ဒါကြောင့် ကလေးတွေကို လက်ပစ်ဗုံးတွေ၊ မိုင်းတွေ၊ ကျည်ခွံတွေ၊ မော်တာကျည်တွေ အကြောင်း၊ ဘယ်လို ပုံသဏ္ဍာန် ရှိတတ်တယ်ဆိုတာ သင်ပြထားပေးဖို့ လိုပါတယ်။ 

အဲဒါမျိုးတွေ တွေ့ရင် မထိဖို့၊ မရွှေ့ဖို့၊ မဆော့ဖို့ နဲ့ တွေ့တာနဲ့ လူကြီးတွေကို အကြောင်းကြားဖို့ သင်ပေးထားဖို့ လိုအပ်ပါတယ်။ 

ဒါကြောင့် စစ်လက်ကျန် ပစ္စည်းတွေ တွေ့ရင် 

မထိပါနဲ့၊ မရွှေ့ပါနဲ့၊ မထိပါနဲ့၊ တွေ့ရင် သတင်းပို့ပါ။ 

ကလေးတွေကိုလည်း မထိဖို့၊ မဆော့ဖို့ သင်ထားပေးပါ။ 

ကျေးဇူးတင်ပါတယ်။