မိုင်းအန္တရာယ် ဆိုင်းဘုတ်တွေက ဘာတွေလဲ၊ တွေ့ရင် ဘာလုပ်မလဲ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

အရင် အပတ်တွေမှာ မြေမြုပ်မိုင်းနဲ့ စစ်လက်ကျန် ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘယ်လို လမ်းကြောင်းတွေ ရွေးသင့်တယ်၊ မသင်္ကာစရာ တစ်ခုခု တွေ့တယ်ဆိုရင် ဘာတွေ လုပ်ရမယ်၊ မလုပ်ရဘူး စတာတွေ ပြောခဲ့ပါတယ်။ ဒီတပါတ်တော့ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်တွေ အကြောင်း ပြောပြပါတယ်။ 

အခု နှစ်ထဲမှာ ရှမ်းပြည်မြောက်ပိုင်းမှာတော့ သိသိသာသာ တိုက်ပွဲတွေ လျော့နည်းသွားခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံရဲ့ ဝင်ရောက် ညှိုနှိုင်းမှုနဲ့ လားရှိုးကို ကိုးကန့်တပ်တွေက စစ်ကော်မရှင်ကို ပြန်လွှဲပေးခဲ့ သလို တအာင်းတပ်တွေကလည်း မိုးကုတ်နဲ့ မိုးမိတ်ကို လွှဲပေးဖို့ သဘောတူထားခဲ့ပါတယ်။ 

ဒီလို အခြေအနေမှာ ရှမ်းမြောက်မှာ တိုက်ပွဲတွေက အရင်နှစ်တွေ လတွေကထက် လျော့နည်းသွားခဲ့ ပါတယ်။ 

တိုက်ပွဲတွေ လျော့နည်းသွားပေမယ့်လည်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန် ပစ္စည်းတွေရဲ့ ဘေးအန္တရာယ် တွေကတော့ ရှိနေဆဲပါပဲ၊ ဒီလပိုင်းတွေ ထဲမှာလည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရတဲ့ သတင်းတွေ ဆက်ပြီး တွေ့ နေရပါတယ်။ 

စက်တင်ဘာလ ၂၀ ရက်နေ့က နောင်ချိုမြို့နယ် အုမ္မတီးရွာက ဒေသခံ အရပ်သား တစ်ယောက်ဟာ မြေမြှုပ်မိုင်း နင်းမိတဲ့အတွက် ခြေထောက်တဖက် ပြတ်ထွက်သွားခဲ့ရပါတယ်။ 

သူက တော့ အသက် ၇၉ နှစ် အရွယ် စိုင်းထွန်းလှ ဖြစ်ပါတယ်။ 

နောင်ချိုမှာ တိုက်ပွဲတွေ ပြီးသွားတဲ့ အချိန်မှာ စစ်ဘေးရှောင်ရာကနေ ပြန်လာပြီး သူ့ရဲ့ ခြံဝန်းအတွင်းမှာ ပဲ သန့်ရှင်းရေး လုပ်နေတုန်း မြေမြှုပ်မိုင်း နင်းမိတာ ဖြစ်ပါတယ်။ 

တိုက်ပွဲတွေ ဆဲသွားခဲ့တယ် ရပ်သွားခဲ့ရတယ် ဆိုပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်နဲ့ စစ်လက်ကျန် ပစ္စည်း အန္တရာယ် တွေက ရှင်းသွားခဲ့တာ မဟုတ်ပါဘူး။ 

အောက်တိုဘာ ၁၇ ရက်နေ့ကတော့ နောင်ချိုမြို့နယ် မန်ကျည်းပင်ရွာက အသက် ၆၃ နှစ်အရွယ် ဦးစံမောင်ဟာ တောစပ်ကို အပေါ့အပါး သွားရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့ပါတယ်။ 

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ညာခြေထောက်ဟာ ပေါင်ရင်းကနေ ပြတ်သွားခဲ့ပါတယ်။ 

သူတို့ မိသားစုဟာ နောင်ချိုက တအာင်းတပ်ဖွဲ့တွေ ဆုတ်ခွာသွားတဲ့ အချိန်မှာ နေရပ်မှာ ပြန်နေကြတာ ဖြစ်ပါတယ်။ ရွာပြန်ရောက်တာ တစ်လတောင် မပြည့်ခင်မှာပဲ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် တပ်ဖွဲ့ ဝင်ရောက်သွားတဲ့ နေရာတွေမှာ အများဆုံး မိုင်းထောင်သွားတာတွေ၊ ပေါက်ကွဲစေ တတ်တဲ့ ပစ္စည်းတွေ ကျန်နေခဲ့တာတွေက ရှိနေနိုင်ပါတယ်။ 

အခု ဆိုရင်တော့ မြို့တွေ ရွာတွေကို စစ်ဖြစ်နေတဲ့ ဘက်တွေက တပြန်တလှည့်စီ ထိန်းချုပ်တာတွေ လည်း ရှိတော့ အန္တရာယ်က ဆက်ရှိနေတာ ဖြစ်ပါတယ်။ 

တစ်ခါတစ်ရံ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ထိန်းချုပ်ခဲ့ပြီး ထွက်ခွာသွားတဲ့ အခါ တခြား လက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက် ထိန်းချုပ်တာမျိုးလည်း ရှိတတ်ပါတယ်။ 

ဒီလို အခါမျိုးမှာ ရောက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေက မိုင်းရှင်းတာတွေ အပြင် ‌ဒေသခံတွေ အလွယ်တကူ နားလည်နိုင်တဲ့  မိုင်းသတိပေး ဆိုင်းဘုတ်တွေ၊ မြေမြှုပ်မိုင်း ရှိနေနိုင်တဲ့ နေရာတွေ၊ မိုင်းမရှင်းရသေးတဲ့ နေရာတွေ မှာ သတိပေး ဆောင်ပုဒ်တွေ လုပ်ဆောင်ပေးလေ့ ရှိကြပါတယ်။ 

ဒီဆိုင်းဘုတ်တွေဟာ လူတွေကို အသက်ကယ်တဲ့ သတိပေးချက်တွေလည်း ဖြစ်ပါတယ်။ 

မြေမြှုပ်မိုင်း ဆိုင်းဘုတ်တွေကို စိုက်ထူရတဲ့ ရည်ရွယ်ချက်က သုံးမျိုးလောက် ရှိပါတယ်။ 

ပထမ ရည်ရွယ်ချက်ကတော့ မိုင်းအန္တရာယ်ရှိတဲ့ ဧရိယာကို နယ်နမိတ် သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ 

ဘယ်နေရာကနေ ဘယ်နေရာအထိ မိုင်းရှိနိုင်တယ် ဆိုပြီး မိုင်းရှိနိုင်တဲ့ ဧရိယာကို ဖော်ပြတဲ့ ဆိုင်းဘုတ် တွေ ဖြစ်ပါတယ်။ 

ဒုတိယ ရည်ရွယ်ချက်က‌တော့ အနီးအနားမှာရှိတဲ့ လူတွေကို အန္တရာယ်ကနေ ကြိုတင်ရှောင်ရှားနိုင်ဖို့ သတိပေး တာ ဖြစ်ပါတယ်။ 

တတိယ ရည်ရွယ်ချက်ကတော့ လူ နှင့် တရိဆ္တန် တွေ အန္တရာယ်ရှိတဲ့ နေရာ မသွားခြင်းအားဖြင့် သူတို့ရဲ့ အသက် ဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို လျော့ချပေးဖို့ ဖြစ်ပါတယ်။ 

အဲဒီတော့ မြေမြှုပ်မိုင်း သတိပေး ဆိုင်းဘုတ်တွေက ဘယ်လိုပုံစံမျိုးလဲ၊ ဘာပုံတွေ ပါသလဲ၊ ဘာအရောင်တွေ ပါသလဲ ဆိုတာကို ဆက်ပြောပြပါတယ်။ 

နိုင်ငံတကာ စံနှုန်းတွေနဲ့ ဒေသအလိုက် အခြေအနေပေါ်မူတည်ပြီး သတိပေး ဆိုင်းပုဒ်တွေကို ပုံစံ အမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။ 

ဒီထဲမှာ အတွေ့ ရများဆုံးက ပထမ ပုံစံကတော့ အနီရောင်နဲ့ အဖြူရောင် လက္ခဏာပါတဲ့ သတိပေး အမှတ်အသားတွေ ဖြစ်ပါတယ်။ 

တြိဂံပုံ ဒါမှမဟုတ် လေးထောင့်ပုံ ဖြစ်ပြီး အနီရောင် နောက်ခံပေါ်မှာ အဖြူရောင်နဲ့ ရေးဆွဲထားလေ့ ရှိပါတယ်။ 

အဲဒီ မှာ ပါဝင်တဲ့ သင်္ကေတကတော့ ဦးခေါင်းခွံ နဲ့ အရိုး၊ ဒါမှမဟုတ် ပေါက်ကွဲမှု ဖြစ်နေတဲ့ သင်္ကေတ တွေ ပါလေ့ရှိပါတယ်။ 

ပြီးရင်တောာ့ ဒေသခံတွေ နားလည်နိုင်တဲ့ စကားနဲ့ “မိုင်းအန္တရာယ်ရှိသည်”။ “မဝင်ရ” ဒါမှမဟုတ် “သေတတ်သည်” စတဲ့ စာသားတွေ ရေးသား ထားနိုင်ပါတယ်။ 

နောက်တမျိုးကတော့ ကျောက်တိုင်တွေ တိုင်တွေ စိုက်ထူထားတာပါ။ 

တိုင်တွေမှာ အနီရောင်သုတ်ထားတဲ့ ဒါမှမဟုတ် မိုင်းသတိပေး တံဆိပ် ကပ်ထားတဲ့ တိုင်တွေ ဒါမှမဟုတ် သစ်သားတိုင်တွေကို မိုင်းအန္တရာယ်ရှိတဲ့ ဧရိယာ တဝိုက်မှာ စိုက်ထူထားတတ်ပါတယ်။ 

နောက်တမျိုးကတော့ ကြိုးတွေ တိတ်တွေ တပ်ဆင်ထားတာပါ။ အန္တရာယ်ရှိတဲ့ ဧရိယာကို ရှင်းရှင်း လင်းလင်း ဝိုင်းရံထားဖို့အတွက် အနီရောင် ဒါမှမဟုတ် အဝါရောင် တိတ် ဒါမှမဟုတ် ကြိုးတွေကို အသုံးပြုထားနိုင်ပါတယ်။ 

ဒီလိုမျိုး သတိပေးထားတဲ့ အမှတ်အသားတွေ သင်္ကေတတွေ တွေ့ပြီဆိုရင် မိုင်းအန္တရာယ်ရှိတာကို သတိထားဖို့ လိုအပ်ပါတယ်။ 

ဒီလိုမျိုး အမှတ်အသားတွေ ဆိုင်းဘုတ်တွေ တွေ့ပြီဆိုရင်‌ ဘာလုပ်ကြမလဲ။ 

ဒီလိုမျိုး အမှတ်အသားတွေ မြေမြှုပ်မိုင်း သတိပေး ဆိုင်းဘုတ်တွေ တွေ့ပြီဆိုရင် ဘယ်မှာပဲ တွေ့တွေ့ အခုပြော မယ့် အချက်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာဖို့ လိုပါတယ်။ 

ချက်ချင်း ရပ်လိုက်ပါ၊ စိတ်ကို အေးအေးထားပါ။ မြေမြှုပ်မိုင်း သတိပေး ဆိုင်းဘုတ် ဒါမှမဟုတ် အမှတ်အသား တွေ့တာနဲ့ ချက်ချင်း ရပ်လိုက်ပြီး စိတ်ကို အေးအေးထားပါ။ ကိုယ်နဲ့အတူပါလာတဲ့ သူတွေကို သတိပေးရပါမယ်၊ နောက်ပြန်ဆုတ်ပါ၊ ကိုယ်လာခဲ့တဲ့ လမ်းအတိုင်း ခြေရာအတိုင်း ဂရုတစိုက် နောက်ပြန်ဆုတ်ရပါမယ်။ 

အဲဒီပြီးရင်တော့ ဆိုင်းဘုတ်တွေ့တဲ့ အကြောင်း၊ အဲဒီ နေရာမှာ အန္တရာယ်ရှိနေတယ်ဆိုတာ နဲ့ အန္တရာယ် ရှိတဲ့ နေရာကို တခြားသူတွေ မသွားမလာအောင် သတိပေးဖို့ လိုပါတယ်။ မိုင်းအန္တရာယ်ရှိတာကြောင့် သူတို့ဆီကို ကိုယ်သွားတာ ဖြစ်စေ၊ ကိုယ့်ဆီကို သူတို့ကို လာခိုင်းတာ ဖြစ် စေ မလုပ်သင့်ပါဘူး။ 

နောက်ထပ် ရှောင်ရှားရမယ့် ကိစ္စကတော့ ဘယ်အရာကိုမှ မထိဖို့ပါ၊ 

ဆိုင်းဘုတ်တွေပဲ ဖြစ်ဖြစ်၊ ကျောက်တိုင်၊ သစ်သားတိုင်၊ ကြိုး ဒါမှမဟုတ် အနီးအနားက မသင်္ကာ စရာ ပစ္စည်း တစ်ခုခုကို လုံးဝ မထိမိအောင် သတိထားဖို့ လိုပါတယ်။

သင့် အနေဖြစ် ဘေးကင်းတဲ့နေရာကို ရောက်ပြီဆိုရင်တော့ ရွာထဲမှာ ရှိတဲ့သူတွေကို ရှင်းရှင်းလင်းလင်း  ပြန် လည် မျှဝေပေးခြင်းနဲ့ အတူ ဒေသမှာရှိတဲ့ အာဏာပိုင်တွေ၊ နယ်မြေကို တာဝန်ယူထား တဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်စေ မိုင်းရှင်းလင်းရေး အဖွဲ့ကိုဖြစ်စေ သတင်းပို့ရမှာ ဖြစ်ပါတယ်။ 

ဆိုင်းဘုတ်တွေ အမှတ်အသားတွေကို မဖြုတ်ပစ်ပါနဲ့။ နေရာမရွှေ့ပါနဲ့။ ဒါဟာ တခြားသူတွေရဲ့ အသက် ကို ကယ်ပေးရာလည်း ရောက်ပါတယ်။ အားလုံး ဘေးကင်းကြပါစေ။