ထားဝယ်ခရိုင် နေအိမ်ခြံဝင်းအတွင်း သစ်ပင်ခုတ်သူ မြေမြှုပ်မိုင်းထိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်။
ထားဝယ်ခရိုင်၊ အရှေ့တောဒေသရှိ သင်္ကန်းတုံးကျေးရွာတွင် နေအိမ်ခြံဝင်းအတွင်း သစ်ပင်ခုတ်ထွင်နေသည့် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်တွင် အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦးသည် ၎င်း၏ နေအိမ် ခြံဝင်းအတွင်းရှိ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းနေစဉ် သစ်ပင်လဲကျသည့်နေရာမှ မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသား၏ ဘယ်ဘက်ခြေသလုံးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်။
ဒေသခံရွာသားတစ်ဦးက “သူ့အိမ်က စစ်တပ်မီးရှို့လို့ ပါသွားတာကြာပြီ၊ လက်ရှိက အနီးနားက ရွာတစ်ရွာမှာ နေပြီးတော့ သူ့ခြံထဲကိုဝင်ပြီး တောခုတ်တာပါ” ဟု ပြောသည်။
သင်္ကန်းတုံးကျေးရွာသည် ၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲများကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည့် ကျေးရွာတစ်ရွာဖြစ်သည်။
စစ်တပ် လက်အောက်ခံ တပ်ဖွဲ့များက ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် လက်ရှိတွင် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် အိမ်ထောင်စု သုံးလေးစုခန့်သာ ကျန်ရှိတော့ကြောင်း ရွာသားများက ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသများတွင် မြေမြှုပ်မိုင်းအန္တရာယ်က ဒေသခံများအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနေသည်ဟု ဆိုကြသည်။