မိုင်းသက်ရောက်မှုနှင့် ဘေးကင်းသည့် လူ့ဘောင်တည်ဆောက်ရေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်။

မြေမြှုပ်မိုင်း နဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် ပစ္စည်းတွေနဲ့ ပတ်သက်လို့ ပညာပေး ပြောပြနေတဲ့ အစီအစဉ်မှာ မြေမြှုပ်မိုင်းဆိုတာဘာလဲ။ ပေါက်ကွဲ စေတတ်တဲ့ စစ်ကျန်ပစ္စည်းဆိုတာဘာလဲ၊ ဘယ်နေရာတွေမှာ ရှိတတ် သလဲ၊ သူတို့ကို ဘယ်လို ရှောင်ကွင်းသွားရမလဲ။ တွေ့ပြီဆိုရင် ဘာတွေ လုပ်ရမလဲ စသဖြင့် အကြောင်းအရာ အမျိုးမျိုးကို တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒီတပါတ်မှာတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်ကျန် ပစ္စည်းတွေကြောင့် ဘယ်လို အကျိုး ဆက် တွေ ဖြစ်နိုင်သလဲ။ အန္တရာယ်ကင်းရှင်းပြီး လူမှု စီးပွား ပြဿနာတွေ ကင်းဝေးအောင် ဘယ်လို နေထိုင် ကြမလဲ ဆိုတဲ့ အကြောင်းတွေ ပြောပြသွားမှာပါ။ 

မြေမြုပ်မိုင်းတွေ နဲ့  ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေ အကြောင်း ပြောမယ်ဆိုရင် လူအတော်များများ က ပေါက်ကွဲမှုကြောင့် လူသေဆုံးတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေ အကြောင်း တွေးမိကြပါတယ်။ 

ဒါပေမယ့် သူတို့ရဲ့ ဆိုးကျိုးတွေက ဒီလောက်နဲ့ ရပ်မနေပါဘူး။ သက်ရောက်မှုတွေဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ကနေ မိသားစု၊ လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံတစ်ခုလုံးအထိ အဆင့်ဆင့် ကျယ်ပြန့်နက်ရှိုင်းလှပါတယ်။ 

တစ်ဦးချင်း ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲဆိုရင်တော့ တစ်ဦးချင်း ဆိုးကျိုးတွေကတော့ လူသေဆုံးတာ၊ ကိုယ်အင်္ဂါ ချို့တဲ့တာ၊ ဒဏ်ရာ အနာတရ ဖြစ်တာတွေ ကြုံတွေ့နိုင်ပါတယ်။ 

မြေမြှုပ်မိုင်းတွေကြောင့် အသက် မသေခဲ့ရင် ပထမဆုံး ကြုံတွေ့ရမှာတော့ ဆေးကုသစရိတ်ပါ။ ဒဏ်ရာများရင် များသလောက် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တော့မှာပါ။ 

ဒုတိယ လိုက်လာတာကတော့ ဆေးကုသချိန်မှာ ကြုံရမယ့် လုပ်အား ဆုံးရှုံးမှုပါ။ ထိခိုက်ဒဏ်ရာရမှု တော်တော် များများက အိမ်ထောင်ဦးစီး ယောက်ျားတွေ ဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ 

စစ်ရှောင်တွေဖြစ်နေပြီး အိမ်ပြန်ပြီး တောင်ယာ လုပ်ရင်း မိုင်းနင်းမိတာ၊ ကျွဲရှာ နွားရှာရင်း မိုင်းနင်းမိတာ၊ တော လိုက်ရင်း မိုင်းနင်းမိတာ စသဖြင့် အိမ်ထောင် ဦးစီးတွေဟာ မိသားစု အတွက် အလုပ်တွေ လုပ်ရင်း မိုင်းထိတတ်ကြပါတယ်။ 

အဲဒီအခါမျိုးမှာ သူ ဒဏ်ရာ မပျောက်မချင်း မိသားစုက သူ့လုပ်အား ဆုံးရှုံး သွားပါတော့တယ်။ တကယ်လို့များ ကိုယ်လက်အင်္ဂါ ချို့တဲ့ ခဲ့ပြီ ဆိုရင် တသက်လုံး လုပ်အား ဆုံးရှုံးမှုကို ကြုံရနိုင်ပါတယ်။ 

ဒါ့အပြင် ကျန်းမာရေး ချို့တဲ့နေတဲ့ အချိန်မှာ လူနာကို ပြုစု စောင့်ရှောက်ဖို့အတွက် လူလိုပြန်တဲ့အတွက် အဲဒီလူရဲ့ လုပ်အားလည်း ဆုံးရှုံးရပါတယ်။ 

ဒါတွေကတော့ မြေမြုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်သော စစ်ကျန် လက်နက် ပစ္စည်းတွေကြောင့် တိုက်ရိုက် ကြုံရတဲ့ မိသားစု ဆုံးရှုံးမှုတွေပါ။ 

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှု ရေး ဆိုင်ရာ ဆုံးရှုံးမှုတွေလည်း ရှိနိုင်ပါသေးတယ်။ 

ရုတ်တရက် အသက်ဆုံးရှုံးမှု ဒါမှမဟုတ် ပြင်းထန်တဲ့ ကိုယ်အင်္ဂါချို့ယွင်းမှုတွေဟာ မိသားစုဝင်တွေ အားလုံးကို ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ (ဥပမာ- စိတ်ဒဏ်ရာ လွန်ကဲသော ဖိစီးမှုရောဂါ- PTSD၊ စိုးရိမ်ပူပန်မှု နဲ့ စိတ်ဓာတ်ကျခြင်း) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ 

မိသားစုအတွင်း နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်ပေါ်နိုင်ပါသေးတယ်။ ဒါကတော့ အိမ်ထောင်ရေးနဲ့ မိသားစု ဆက်ဆံရေး တင်းမာမှုတွေ ကြုံရနိုင်တာပါ။ 

ဒဏ်ရာရရှိသူရဲ့ စိတ်ဓာတ်ကျမှုနဲ့ ဒေါသထွက်မှုတွေ၊ ပြုစုစောင့်ရှောက်ရသူရဲ့ ပင်ပန်းနွမ်းနယ်မှုနှင့် စီးပွားရေး ဖိစီးမှုတို့ကြောင့် မိသားစုအတွင်း ဆက်ဆံရေး တင်းမာလာပြီး အိမ်တွင်းရေး ပြဿနာတွေ ဖြစ်တတ်ပါတယ်။ 

ဒါ့အပြင် ကလေးတွေရဲ့ အနာဂတ် ထိခိုက်မှုတွေလည်း ရှိတတ်ပါသေးတယ်။ ကလေးတွေဟာ မိဘတွေရဲ့ ဒဏ် ရာကြောင့် အိမ်တွင်းတာဝန်တွေကို ငယ်စဉ်ကတည်းက ထမ်းဆောင်ရတာ ဒါမှမဟုတ် ကျောင်းထွက် လိုက်ရတာမျိုး ဖြစ်တတ်ပါတယ်။ 

ဒါဟာ သူတို့ရဲ့ ပညာရေးနဲ့ အနာဂတ် အခွင့်အလမ်းတွေကို အတော် ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ 

ဒါတွေတင်မကသေးပါဘူး။ တခြား ဆိုးကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ 

လူထုအသိုင်းအဝန်း တရပ်လုံး ဆုံးရှုံးမှု အနေနဲ့ ပြောမယ်ဆိုရင်တော့ မိုင်းတွေ၊ လက်နက်ခဲယမ်းတွေကြောင့် လယ်ယာမြေနဲ့ အရင်းအမြစ် ဆုံးရှုံးမှုကြုံနိုင်ပါတယ်။ 

မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်ကျန် ပစ္စည်းတွေဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေဆီတွေကို ညစ်ညမ်းစေပါတယ်။ 

ဒါတင်မက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးတဲ့ နေရာတွေ၊ မိုင်းထောင်ထားခဲ့တဲ့ နေရာတွေမှာဆိုရင် မိုင်းရှင်းပြီးတဲ့ အချိန်ထိ ဒေသခံတွေဟာ လယ်ယာတွေ၊ တောင်ယာတွေ ပြန်မလုပ်နိုင်ကြတော့ပါဘူး။ 

ဒေသခံတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အဓိကကျတဲ့ လယ်ယာလုပ်ငန်းတွေကို စွန့်လွှတ်ရတာကြောင့် အစားအစာ မလုံလောက်မှု နှင့် ဆင်းရဲနွမ်းပါးမှုတို့ ပိုမိုမြင့်တက်လာစေပါတယ်။ 

နောက်ထပ် ဆိုးကျိုး တစ်ခုကတော့ အခြေခံ အဆောက်အအုံတွေ ပျက်စီးတာပါ။ 

လမ်းတွေ၊ တံတားတွေ၊ ဆည်မြောင်းတွေနဲ့ စာသင်ကျောင်းတွေလို့ အခြေခံအဆောက်အအုံတွေဟာ မိုင်းအန္တရာယ်ကြောင့် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲတာ ဒါမှမဟုတ် အသုံးပြုဖို့ မလုံခြုံတော့တာမျိုး ကြုံရတတ်ပါတယ်။ 

ဒါ့အပြင် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးတာမျိုးလည်း ကြုံရနိုင်ပါသေးတယ်။ 

မိုင်းရှင်းလင်းရေး လုပ်ရတာက မလွယ်ပါဘူး၊ အချိန်၊ ငွေကြေး၊ ကျွမ်းကျင်မှု စတာတွေ ပေါင်းစပ် အသုံးချရတဲ့ အတွက် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဘတ်ဂျက်လျော့နည်းသွားစေပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတောင် နှောင့်နှေးစေနိုင်ပါတယ်။ 

ဒါက တိုက်ရိုက်မြင်ရတဲ့ ခန္ဓာကိုယ် ထိခိုက်မှု၊ မိသားစု ဆုံးရှုံးမှုနဲ့ လူထု အသိုက်အဝန်းအတွင်း ဆုံးရှုံးမှုတွေပါ၊ ဒါ့အပြင် ရုပ်တရက် မျက်စိနဲ့ မမြင်ရတဲ့ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ 

မြေမြုပ်မိုင်းတွေနဲ့ စစ်ကျန် လက်နက်တွေကြောင့် ရွှေ့ပြောင်းနေထိုင်ကြရတာတွေ ဖြစ်ပါတယ်။ 

မိုင်း အန္တရာယ်ကြောင့် ဒေသခံတွေဟာ မိမိတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို စွန့်ခွာပြီး ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDP) ဒါမှမဟုတ် စစ်ရှောင်တွေ အဖြစ် ဘေးကင်းရာကို ရွေ့ပြောင်းနေထိုင်ကြရပါတယ်။ 

ဒါဟာ လူမှုရေး ချိတ်ဆက်မှုတွေနဲ့ ဓလေ့ထုံးတမ်းတွေကို ပျက်စီးစေပါတယ်။ 

နောက်တချက်ကတော့ အကြောက်တရားနဲ့ စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ လူထုတစ်ရပ်လုံးဟာ အမြဲတစေ ထိတ်လန့်ကြောက်ရွံ့မှုအောက်တွင် နေထိုင်ကြရတာမျိုးပါ။ 

ခြေလှမ်းလှမ်းလိုက်တိုင်း နောက်ဆုံးခြေလှမ်း ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဟာ လူမှု အသိုင်းအဝိုင်းရဲ့  စုပေါင်းကျန်းမာရေးကို ထိခိုက်စေပါတယ်။ 

ဒါ့အပြင် မြေမြုပ်မိုင်း အန္တရာယ်ဟာ လူမှုအကန့်အသတ်တွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။  

မိုင်းအန္တရာယ်ဟာ ကလေးတွေ ကျောင်းသွားတာ၊ လူကြီးတွေ သားကောင်ရှာဖွေတာ၊ ထင်းခုတ်တာ နဲ့ ရေရှာတာ စတဲ့ နေ့တဒူဝ  လူမှုဘဝ လှုပ်ရှားမှုတွေကို အကန့်အသတ် ဖြစ်စေနိုင်ပါတယ်။ 

ဒါကြောင့် ခြုံပြီး ပြောမယ်ဆိုရင်တော့ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေဟာ လူတစ်ဦးချင်း၊ မိသားစု၊ လူ့ အသိုင်းအဝိုင်းနဲ့ နိုင်ငံ အဆင့်အထိ ဆိုးကျိုး သက်ရောက်မှုတွေ ရှိနေပါတယ်။ 

ဒါကြောင့် ဒီလိုဆိုးကျိုးတွေများလှတဲ့ မြေမြုပ်မိုင်းနဲ့ စစ်ကျန်ပစ္စည်း အန္တရာယ်ကနေ ကင်းဝေးတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးဖို့အတွက် လူတိုင်းမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ 

ဒါဆို ဘာတွေ လုပ်ကြမလဲ။ 

ပညာပေးတာ လုပ်လို့ ရပါတယ်။ အန္တရာယ်ရှိတဲ့ နေရာတွေ၊ အရာဝတ္ထုပုံသဏ္ဍာန်တွေနဲ့ ရှောင်ရှားစရာ နည်းလမ်းတွေကို ဒေသခံတွေနဲ့ ကလေးတွေကို သင်ကြားပေးနိုင်ပါတယ်။ 

မိုင်းနဲ့ ပေါက်ကွဲတတ်တဲ့ စစ်ကျန်ပစ္စည်း ရှီတဲ့ နေရာတွေကို သတိပေး ဆိုင်းဘုတ်တွေ စိုက်ထူတာနဲ့  အန္တရာယ်ရှိသော လက္ခဏာတွေကို သတိပြုမိစေဖို့ ပညာပေးနိုင်ပါတယ်။ 

နောက်တခုကတော့ တုန့်ပြန်ဆောင်ရွက်တာကို လုပ်ဆောင်နိုင်ပါတယ်။ သံသယဖြစ်စရာ ပစ္စည်းတစ်ခုခုကို တွေ့ရှိမယ်ဆိုရင် လုံးဝမထိရပါ၊ မရွှေ့ရပါ။ မကစားရပါ။ 

လုံခြုံရေး အဖွဲ့အစည်းတွေ၊ မိုင်းရှင်းလင်းရေး အဖွဲ့တွေ ဒါမှမဟုတ် ဒေသအာဏာပိုင်တွေကို ချက်ချင်း အကြောင်းကြားနိုင်ပါတယ်။ 

နောက်တခုကတော့ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အားပေးကူညီဖို့ ဖြစ်ပါတယ်။ မိုင်းကြောင့် ဒဏ်ရာရတဲ့ သူတွေကို ဆေးဝါးကုသတာ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးတာနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီတာ တွေ လုပ်ဆောင်နိုင်ပါတယ်။ 

ဒီလိုနဲ့ ဆိုးကျိုး ကြီးမားလှတဲ့ မိုင်းအန္တရာယ်ကင်းရှင်းပြီး သာယာတဲ့ လူ့ဘောင် တစ်ခုကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။