ဖားကန့်မြို့တွင် ဒရုန်းဗုံးထိမှန်သဖြင့် သားအဖနှစ်ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ အုပ်စုထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ သားအဖနှစ်ဦး ထိမှန်သေဆုံးခဲ့သည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားသည့် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စုထဲက ကျောက်သွေးတောင်ကျေးရွာအား စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာအတွင်း နေထိုင်သည့် သားအဖနှစ်ဦးမှာ ဒရုန်းဗုံးထိမှန်သဖြင့် သေဆုံးခဲ့ရသည်ဟု ဒေသခံများ ကပြောသည်။

စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ဟုတ်ပါတယ်။ မနေ့ကဘဲ ဒရုန်းနဲ့ချလို့ ပြည်သူနှစ်ယောက် သားအဖ နှစ်ယောက်ပေါ့။ ဒရုန်းဗုံးထိမှန်လို့ သေဆုံးသွားတာ။ လောလောဆယ် စစ်တပ်ဘက်က ဒရုန်းဗုံးသီးချတာတွေက ဆိုင်းတောင်ဘက်တွေမှာ တော်တော်လုပ်နေတာ။ တိုက်ပွဲတော့ဒီ နှစ်ရက် သုံးရက် အတွင်း မရှိဘူး ငြိမ်နေပါ တယ် ဟု ပြောသည်။

ဖားကန့်ဗျူဟာကုန်းမှ စစ်ကော်မရှင်ပူးပေါင်းတပ်များက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲချခဲ့ ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သေဆုံးခဲ့သွားသည့် သားအဖနှစ်ဦးမှာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးကျော်စိုး ဆိုသူနှင့် သားဖြစ်သူ မောင်ထူးထူးစံတို့ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကော်မရှင် ပူးပေါင်းတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား ပြင်းထန်လာသည့် တိုက်ပွဲကြောင့် ဖားကန့် မြို့နယ်ထဲက ဘေးလွှတ်သည့် နေရာများတွင် တိမ်းရှောင်နေရသည့် ကျေးရွာ ၇ ရွာခန့်မှ ဒေသခံများသည် စက် တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းစသည့် မြို့နယ်များသို့ ဆက်လက် တိမ်းရှောင်နေကြရသည်။

ဖားကန့်က လောလောဆယ် စစ်ပွဲတွေကြောင့် စစ်ရှောင်ရွာကတော့ ရွာ ၇ ရွာလောက် ရှိနေပြီ။ ဒီဒေသခံတွေ ကလည်း ဖားကန့်မှာ မလုံခြုံတော့လို့ မိုးညှင်း၊ မြစ်ကြီးနားဘက်တို့ကို ရှောင်နေကြတယ်။ အလံဖြူလေးတွေ ထောင်ပြီး ဆိုင်ကယ်တွေနဲ့ ရွှေ့နေကြတာတွေ့ရတယ် ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆက် ပြော သည်။

ဖားကန့်မြို့တွင် စစ်ကော်မရှင် ပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်တို့အကြားက အပြန်အလှန် ပစ်ခတ်မှုများထဲ အရပ်သား သေဆုံးမှုသည် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ထုံးဘိုကျေးရွာရှိ တော်လှန်ရေး အင်အားစုများ၏ အထိုင်ဂိတ် အနီး အမှိုက်ကောက်နေသည့် သားအမိနှစ်ဦး ဒရုန်းဗုံး ထိမှန်ကာ သေဆုံးခဲ့ရသေးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းတွင် စစ်ကော်မရှင်တပ်၏ လက်ချက်ကြောင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူနှင့် အရပ်သား စုစုပေါင်း ၇၂၀၀ ကျော်သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Photo – Tarlin Mg