ပါလက်စတိုင်းနိုင်ငံ အား နိုင်ငံအများအပြား အသိအမှတ်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ 

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး အတွင်း ဥပရောပ နိုင်ငံအများအပြားသည် ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း တနင်္လာနေ့က ကြေညာခဲ့ကြသည်။ 

ပါလက်စတိုင်းကို မနေ့က အသိအမှတ်ပြုခဲ့သည့် ဥရောပ နိုင်ငံများတွင် ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ မိုနာကို၊ လူဇင်ဘတ်၊ မော်လ်တာ တို့ ပါဝင်ပြီး စက်တင်ဘာ ၂၀ ရက်နေ့က အသိအမှတ်ပြုသည့် နိုင်ငံများတွင် ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျနဲ့ ပေါ်တူဂီ တို့ ပါဝင်သည်။ 

အမေရိကန် နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းကို ဆန့်ကျင်ထားပြီး အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုကတော့ ပါလက်စတိုင်း နိုင်ငံ ဖြစ်မလာစေရဘူးဟု ကတိပြုထားသည်။ 

လက်ရှိ အခြေအနေအထိ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ ၈၀ % သည် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုထားပြီဟု CNN သတင်းဌာနက ပြောသည်။ 

တချို့ နိုင်ငံများက ပါလက်စတိုင်း နိုင်ငံကို သတ်မှတ်ချက်များနှင့် အတူ အသိအမှတ်ပြုလိုသည်ဟု ထုတ်ဖော်ခဲ့သည်။ အင်ဒိုရာ (Andorra) နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး အင်မာ တော် ဖောက်စ် (Imma Tor Faus) က ဟားမာ့စ်များကို လက်နက်ဖြုတ်ပြီး ဓါးစာခံများအားလုံး ပြန်လွှတ်ပေးမှသာ အသိအမှတ်ပြုမည်ဟု ဆိုသည်။ ဘယ်လ်ဂျီယံ နိုင်ငံကလည်း ထိုသဘောထားအတိုင်း ပြောဆိုခဲ့သည်။ 

တချိန်တည်းမှာပင် ဂါဇာကမ်းမြှောင် ဒေသတွင် တိုက်ခိုက်မှုများ ဆက်ဖြစ်နေပြီး တနင်္လာနေ့တရက်ထဲတွင် လူ ၅၀ ကျော် သေဆုံးခဲ့ရသည်။ ဂါဇာစစ်ပွဲတွင် ယခုချိန်ထိ သေဆုံးသူပေါင်း ၆၅,၀၀၀ ရှိသွားပြီဟု ပါလက်စတိုင်း ကျန်းမာရေး ဌာနက ပြောသည်။ 

အီဂျစ်နိုင်ငံကတော့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ပြီး အပစ်အခတ်ရပ်စဲရေး ရသည်နှင့် ဂါဇာ ပြန်လည် တည်ဆောက်ရေး ဆွေးနွေးပွဲတွေကို သူ့နိုင်ငံမှာ ကျင်းပသွားမည်ဟု ကမ်းလှမ်းထားသည်။