တိုင်ဖုန်း ရာဂါဆာကြောင့် ထိုင်းနှင့် မြန်မာ မိုးကြီးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ 

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားနေသည် စူပါ တိုင်ဖုန်း ရာဂါဆာကြောင့် ထိုင်းနှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးကြီး ရေလျှံမှုများ ဖြစ်နိုင်သည်ဟု မိုးလေဝသ ဌာနများက သတိပေးထားသည်။ 

ရာဂါဆာ မုန်တိုင်းမှာ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုန်တိုင်းများအတွင်း အပြင်းထန် ဆုံး မုန်တိုင်းဖြစ်လာနေသည်။ 

ဟောင်ကောင်နဲ့ ထိုင်ဝမ်ကို သွားလာကြမည့် လေယာဉ်ခရီးစဉ် အများအပြားကို ဖျက်သိမ်းထားသည်။ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုဒေသများတွင် လူပေါင်း ၄ သိန်းကျော် ရွှေ့ပြောင်းထားပြီး တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ်တွင် ကျောင်းများ၊ ရုံးများပိတ်ထားပြီး အများသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းထားသည်။ ဟောင်ကောင်က လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းထားပြီး ကျောင်းများကို ၂ ရက် ပိတ်ထားသည်။ 

မကာအိုတွင် ကျောင်းများကို ၂ ရက် ပိတ်ထားပြီး မြေနိမ့်ပိုင်းတွင် နေထိုင်သူများကို အရေးပေါ် ရွှေ့ပြောင်းနိုင်ရန် အတွက် အဆင်သင့် ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။ 

ယနေ့ အင်္ဂါနေ့တွင် ဟောင်ကောင်ဘက်သို့ မုန်တိုင်းက သွားနေပြီး ကြာသပတေးနေ့တွင်  တုံကင် ပင်လယ်ကွေ့ကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ထို့နောက် ဗီယက်နမ် နိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက်သွားမည် ဖြစ်ပြီး ကုန်းတွင်းပိုင်း လေအေးများကြောင့် ကြာသပတေးနဲ့ သောကြာနေ့များတွင် မုန်တိုင်း အားပျော့သွားမည်ဟု မိုးလေ ဝသဌာနများက ခန့်မှန်းထားသည်။ 

သို့ရာတွင် မုန်တိုင်းအရှိန်ကြောင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်သည်ဟု သတိပေးထားသည်။ 

ထိုင်းနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ချရေး ဌာနက ထိုင်း မြောက်ပိုင်း အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း လွင်ပြင်နဲ့ အရှေ့ပိုင်းဒေသများက ခရိုင် ၁၆ ခုတွင် ရေကြီးနိုင်သည်ဟု သတိပေးထားသည်။ 

အဆိုပါ သတိပေးထားသော ခရိုင်များတွင် ချင်းမိုင်ခရိုင်လည်း ပါဝင်သည်။