ရွေးကောက်ပွဲ နှောင့်ယှက်မှုနှင့် ဖမ်းဆီးအမှုဖွင့်ခံရသူ ၁၄ ဦးထိ ရှိလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
ရွေးကောက်ပွဲ နှောင့်ယှက်မှုနှင့် ဖမ်းဆီးခံအမှုဖွင့်ခံရသူ ၁၄ ဦးအထိ ရှိလာပြီး ဖမ်းဆီးခံရသူများထဲ အသက် ၁၈ နှစ်အောက် လူငယ် ၃ ဦးလည်း ပါဝင်နေသည်။
ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်းနှင့် ပျက်အောင် လှုံ့ဆော်မှုတို့ဖြင့် စွပ်စွဲခံရပြီး ဖမ်းဆီး အမှုဖွင့်ထားသည်ဟု စစ်ကော်မရှင်က ထုတ်ပြန်သည်။
ရန်ကုန်က လူငယ်နှစ်ဦးကို ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံ့ဆော်မှုနှင့် ဖမ်းဆီးထားသည်ဟု စက်တင်ဘာလ ၂၀ ရက်နေ့၌ စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များအရ လူ ၁၄ ဦးမှာ မကြာသေးခင်ကမှ ပြဋ္ဌာန်းလိုက်သည့် ရွေးကောက်ပွဲ ဥပဒေနှင့် ဖမ်းဆီး အရေးယူခံထားရခြင်း ဖြစ်သည်ဟု သိရသည်။
စက်တင်ဘာ ၂၃ ရက်နေ့ စစ်တပ်လက်အောက်ခံ သတင်းစာပါ ထုတ်ပြန်ချက်အရ ဖမ်းဆီး အမှုဖွင့်ခံထားရသူ များမှာ အမျိုးသားများ ဖြစ်ကြသည်။
ထိုအထဲ၌ အသက်မပြည့်သေးသော ၁၈ နှစ်အောက် လူငယ် ၃ ဦး ပါနေသည်။
ဖမ်းဆီးခံရသောသူများထဲ၌ ကရင်နီပြည်က ၅ ဦး ပါသည်ဟု စစ်တပ် သတင်းစာက ဆိုသည်။
ထို့အပြင် ရန်ကုန် ရွှေပြည်သာက ၄ ဦးနှင့် စက်တင်ဘာလ ၂၂ ရက်နေ့ မတိုင်ခင် အထိက ၅ ဦး ဖမ်းဆီးခံထားရ ခြင်း ဖြစ်သည်။
၎င်းတို့အား ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃ – က ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
ထိုဥပဒေပါ ပုဒ်မအရ ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။