နောင်ချိုအတွက် စိတ်မပူကြရန် TNLA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။
စစ်ကောင်စီ ထိုးစစ် နောင်ချိုမြို့သို့ အနီးကပ် ရောက်လာနေသော်လည်း စိုးရိမ်မှု မရှိကြရန် တအာင်းတပ် TNLA က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်များ ပိုမိုပြင်းထန်လာပြီး နောင်ချိုမြို့နှင့် အနီးကပ်ဆုံး နေရာများအထိ ရောက်ရှိနေသော်လည်း ဒေသခံ ပြည်သူများ အနေဖြင့် စိုးရိမ်မှု မရှိကြရန် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ပြောဆိုလိုက်သည်။
တအာင်းတပ် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ဒီလိုမျိုး နောင်ချိုကို လက်လွှတ်ပေးရတာမျိုး၊ ဆုံးဖြတ်ချက်ချထားတာမျိုးတွေလည်း မရှိသေးဘူး ပေါ့နော်။ ကျွန်မတို့က လက်ရှိကတော့ အကောင်းဆုံးနဲ့ ကျွန်မတို့ ရှိတဲ့ ဒီခုခံကာကွယ်မှုကိုလည်း ကျွန်မတို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။
ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော် (PSLF/TNLA) ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၅ ရက်နေ့တွင် လုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ထိုးစစ်သည် နောင်ချိုမြို့နှင့် အနီးသို့ ရောက်ရှိလာနေပြီး မြို့၏ အနောက်တောင်ဘက် ၇.၄ မိုင် (၁၁.၉ ကီလိုမီတာ) ခန့် အကွာ အုမ္မခါးကျေးရွာတွင် ရောက်ရှိနေပြီး မြို့၏ တောင်ဘက် ၄.၃၅ မိုင် (၇ ကီလိုမီ တာ) ခန့်အကွာ နောင်လင်းကျေးရွာတွင်လည်း ရောက်ရှိနေပြီ ဖြစ်သည်။
အဆိုပါ ကျေးရွာများအနီး၌ စစ်ကောင်စီတပ်သည် ဆက်လက် ထိုးစစ်ဆင်နေပြီး နှစ်ဖက်ကြား တိုက်ပွဲများ လည်း ပြင်းထန်စွာ ဖြစ်ပွားနေသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် မြို့ခံပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရရန် တအာင်းတပ် TNLA က သတိပေးထားသည်။
စစ်ကောင်စီတပ်သည် နောင်ချိုမြို့ပြင်ရှိ ဒေသများထဲသို့ စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေပြီး လေ ကြောင်းမှ တစ်ဆင့်လည်း ထောက်ပံ့ရေး ပစ္စည်းများ ချပေးနေကြောင်း TNLA က ဆိုသည်။
စစ်ကောင်စီ တပ်များသည် မန္တလေး – လားရှိုး – မူဆယ် ကုန်သွယ်ရေး လမ်းမကြီးနှင့် ရပ်စောက် – ကျောက်ဂူ -နောင်ချို လမ်းမကြီးတို့မှ တစ်ဆင့် နောင်ချိုမြို့ဘက်သို့ ဦးတည် ထိုးစစ်ဆင်လျက်ရှိသည်။
တိုက်ပွဲများသည် နောင်ချိုမြို့မှ ၁၀ ကီလိုမီတာပင် မဝေးသော ကန်ကြီးကျေးရွာတွင်လည်း ပြင်းထန်နေသည်။
လွေးယေဦးက “ဒီအပေါ်မှာတော့ လူထုအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့တော့ မြင်ပါတယ်။ ပြီးတော့ စကစကနေ ဖြန့်နေတဲ့ ဒီလော်ဘီ စစ်သတင်းတွေလည်း ဒီအပေါ်မှာတော့ လူထုအနေနဲ့ သတိဝီရိယရှိဖို့တော့ လိုအပ်ပါတယ်” ဟု ဆက်ပြောသည်။
စစ်ကောင်စီက နောင်ချိုမြို့ အပါအဝင် တအာင်းတပ် TNLA က ထိန်းချုပ်ထားသော မြို့များမှ ပြန်လည် ဆုတ်ခွာ ပေးရန် တောင်းဆိုခဲ့သော်လည်း TNLA က လက်မခံခဲ့သောကြောင့် မြေပြင်၌ တိုက်ပွဲများ ဆက်လက် ပြင်းထန် နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်း၌ နောင်ချိုမြို့နယ်ထဲက ကန်ကြီး၊ ညောင်တော၊ ရှောက်ခြံ၊ ပိန္နဲကုန်း၊ ထွေသွန်း၊ လက်ပံ ကုန်း၊ သရက်ကုန်း၊ အုမ္မတီး၊ အုမ္မခါး၊ ခါလီကုန်း၊ ရေမောင်းတန်း၊ ကုလားထိုး၊ ဉာဏ်တော၊ ဂန့်ကော်၊ ဆမ္မဆယ်၊ ရွှေညောင်ပင်၊ လုံဝယ်၊ လုံစုံ၊ နောင်ရဲ၊ နောင်အော်၊ နောင်လင်၊ နောင်ဖာနှင့် မျက်ချီးနု ကျေးရွာများတွင် နှစ်ဖက် ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ပြောသည်။
စစ်ကောင်စီ၏ လက်ရှိ အနေအထားနှင့် ထိုးစစ်အရှိန်ကို ကြည့်ပါက နောင်ချိုမြို့ကို အလုံးစုံ ပြန်လည် သိမ်းပိုက် နိုင်ရေး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်ဟု စစ်ရေး ကျွမ်းကျင်သူ အချို့၏ သုံးသပ်ကြသည်။
နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တအာင်းတပ် TNLA က သိမ်း ပိုက်ရရှိခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီက ယခုနှစ် အစောပိုင်းမှစတင်၍ ပြန်လည်ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။