နောင်ချိုရှိ နေရာငါးနေရာတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း နေရာ ငါးနေရာတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
နောင်ချိုမြို့နယ်အတွင်းက နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနှင့် နောင်လင်ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု TNLA က ဇွန်လ ၂၇ ရက်နေ့(ယနေ့) တွင် ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူ အများအပြား အသုံးပြုသည့်အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်သည်ဟု TNLA က ဆိုသည်။
လက်နက်ကြီး အလုံး ၇၀ နှင့် ဒရုန်းနဲ့ ဗုံး ၃၂ လုံးကို ပစ်ကူပေးခဲ့သည်ဟု TNLA က ပြောသည်။
နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနှင့် နောင်ဖာကျေးရွာတို့တွင် ဇွန်လ (၂၅)ရက်နေ့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၂၈)လုံး၊ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု TNLA က ဆိုသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ အပစ်ရပ်ကြေညာထားမှုကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်လာသည့်အတွက် နောင်ချိုမြို့နယ်ထဲတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က ပြောသည်။
Photo – TNLA