ကျောက်မဲ ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်။
ကျောက်မဲမြို့ထဲကို စစ်ကောင်စီတပ်က ထပ်မံပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဇွန်လ ၂၇ ရက်နေ့(ယနေ့) နံနက် အစောပိုင်း ၁၂ နာရီ ကျော်အချိန်က စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် တအာင်းအမျိုးသမီးအဖွဲ့ TWO ၊ တအာင်းတပ် TNLA တို့က ထုတ်ပြန်သည်။
အသက် (၄၉)နှစ်အရွယ် ဒေါ်မိုးစုနောင် ဆိုသူ သေဆုံးခဲ့ပြီး အသက် (၁၉)နှစ်အရွယ် ကိုဖြိုးသန်းကျော် နှင့် အသက်(၁၇)နှစ်အရွယ် ကိုဇော်ထူးလင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
အသက် ၁၉ နှစ်အရွယ် မောင်ဖြိုးသန်းကျော်မှာ မျက်နှာ၊ လက်နှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အသက် ၁၇ နှစ်အရွယ် မောင်ဇော်ထူးလင်းမှာလည်း ခြေထောက်နှင့် လက်တွင် အပြင်းအထန် ဒဏ်ရာရရှိသောကြောင့် ဆေးကုသမှု ခံယူနေရသည်ဟု TWO က ပြောသည်။
ထို့အပြင် လူနေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု တအာင်းတပ် TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျောက်မဲမြို့ထဲကို စစ်ကောင်စီတပ်က ဇွန်လ ၂၄ ရက်နေ့ကလည်း ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် စာသင်ကျောင်း ၂ ကျောင်းနှင့် လူနေအိမ် ၄၉ လုံး ထိမှန်ပျက်စီးခဲ့သည်ဟု TNLA က ပြော သည်။
Photo – ဒေသခံ