ထားဝယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို KNLA သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်း တစ်ခုကို KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်။ 

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲအထိုင်ချထားသည့် စစ်ကောင်စီတပ်ကို KNLA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ခွဲ ၂ နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ဇွန်လ ၂၆ ရက်နေ့ (ယမန်နေ့) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာမ ၄ မြိတ်-ထားဝယ်ခရိုင်က ဇွန်လ ၂၇ ရက်နေ့ (ယနေ့)တွင် ထုတ်ပြန်သည်။ 

နေ့လယ် ၁ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီတွင် အဆိုပါ တပ်စခန်းကို ထိန်းချုပ်နိုင်ခဲ့သည်ဟု KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်က ပြောသည်။ 

မင်းဒပ်တပ်စခန်းမှ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်းဝတပ်စခန်းသို့ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု KNU တပ်မဟာ မြိတ် – ထားဝယ်ခရိုင်က ဆိုသည်။

Photo – KNU