လက်နက်ကြီးကြောင့် ပဲခူးတိုင်းအတွင်း အရပ်သား ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၂ ဦး ထိမှန် သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မုန်းမြို့နယ်ရှိ ခြောက်အိမ်စု ကျေးရွာမှ အသက် ၃၀ နှစ် အရွယ် မဟန်နီ စိုးနှင့် ကညင်တဲ ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် မောင်ဘုန်းချစ်နိုင် တို့ ၂ ဦး ပွဲချင်းပြီး သေဆုံး ခဲ့ရသည်ဟု KNU က ဇွန်လ ၂၇ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ကညွတ်ကွင်း အခြေစိုက်  ခမရ ၄၃၉ တပ်စခန်းမှ လင်းရောင်ခင်ကျေးရွာသို့ ဇွန်လ ၂၆ ရက်နေ့ (ယမန်နေ့)က လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု KNU က ပြောသည်။

ထိုပစ်ခတ်ခဲ့မှုကြောင့် လင်းရောင်ခင်ကျေးရွာသို့ ရောက်ရှိနေသည့် အခြားရွာမှ အရပ်သား ၂ ဦး ထိမှန် သေဆုံးခဲ့ ရခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

ထို့အပြင် ကျောက်ကြီးမြို့နယ်ထဲတွင်လည်း နတ်သံကွင်း စစ်ကောင်စီတပ်မှ အင်းနက်လယ်ကွင်းပြင်သို့ ဇွန်လ ၂၄ ရက်နေ့က ၁၂၀ မမ လက်နက်ကြီး တစ်လုံးပစ်ခတ်ခဲ့သည်။

ထို့အတူ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ စစ်ကောင်စီ တပ်မှလည်း ကညင်းကျိုးကျေးရွာထဲကို  ဇွန်လ ၂၅ ရက်နေ့က ၁၂၀ မမ လက်နက်ကြီး ၂ လုံးနှင့် သမင်အင်းကုန်းရွာကို ၁ လုံး ပစ်ခတ်ခဲ့သည်ဟု KNU က ဆိုသည်။