ရုရှား အကူအညီဖြင့် လုပ်ဆောင်မည့် ထားဝယ် စီမံကိန်းများ အလုပ်ဖြစ်ရန် အလားအလာနည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။ 

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအား ရုရှား အကူအညီဖြင့် အသက်သွင်းရန် စစ်အုပ်စုက ကြိုးပမ်းနေမှုမှာ လက်တွေ့၌ မဖြစ်နိုင်ဟု အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်မြေအတွင်းရှိ ဗျူဟာမြောက် ပြည်ထောင်စုလမ်းမကြီးအား တော်လှန် ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားသဖြင့် ရုရှားနိုင်ငံ၏ အကူအညီဖြင့် စစ်အုပ်စုက ပြန်လည်အသက်သွင်းမည့် ကိစ္စမှာ လက်တွေ့၌ ဖြစ်မြောက်လာနိုင်ခြေမရှိကြောင်း ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

စစ်အုပ်စု၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်သည် ဧပြီလ ၁၇ ရက်နေ့က ရုရှားနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း Inter RAO ကုမ္ပဏီနှင့် တွေ့ဆုံ၍ ထားဝယ်ရေနက်ဆိပ်ကမ်း၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် LNG ဆိပ်ကမ်းများ တည်ဆောက်နိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ရုရှားမှ မြန်မာသို့ ရေနံစိမ်းနှင့် ဓာတ်မြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် တင်ပို့နိုင်ရန် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ယခင်အစိုးရ လက်ထက်ကတည်းက ဒေသခံများ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည့် စီမံကိန်းများကို စစ်တပ် က ပြန်လည်စတင်ရန် ပြင်ဆင်နေသည့်အပေါ် ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး-၁ မယ်းသီတာက ယခုကဲ့သို့ ပြောသည်။

ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ထောင်ဖို့ တောက်လျှောက် အရင်အစိုးရလက်ထက်ကတည်းက ဒီလိုမျိုးလုပ်ခဲ့တာရှိတယ်။ ဒါပေမဲ့ ဒေသခံတွေကလည်း ဒီဟာတွေနဲ့ ပတ်သက်ပြီး တောက်လျှောက် ကန့်ကွက်ခဲ့လို့ပဲ ရပ်သွားခဲ့တာပေါ့နော်။ လူထုက ဒီဟာနဲ့ ပတ်သက်လာရင်တော့ ငြိမ်နေမှာ မဟုတ်ဘူးပေါ့နော်။ သူတို့ စီမံကိန်း အကောင်အထည်ဖော်ဖို့ကျတော့ သူတို့ထင်သလိုတော့ မလွယ်ကူလောက်ဘူးလို့ သုံးသပ်မိတာပေါ့နော် ဟု မယ်သီတာက ပြောသည်။

စစ်အုပ်စုသည် နိုင်ငံခြားဝင်ငွေရရှိရန် ရည်ရွယ်ချက်ဖြင့် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်အထိ စီမံကိန်းနယ်မြေမှာ တည်ငြိမ်မှုမရှိသေးကြောင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ထောက်ပြသည်။ 

နိုင်အဲမွန်က သူတို့ပြန်ပြီးတော့ ဖော်ဆောင်ချင်တာ မနှစ်တစ်နှစ်ကတည်းက။ အခုရုရှားရဲ့ အကူအညီတွေနဲ့ စက်မှုစွမ်းအားတွေ ပြန်ပြီးတော့ ဖော်ဆောင်မယ် နိုင်ငံခြားဝင်ငွေရအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နယ် မြေ ရှင်းလင်းရေးတွေ လုပ်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့ကာလအထိ အဲ့ဒီနေရာက တကယ် တည်ငြိမ်တဲ့နေရာ မဖြစ် ဘူး။ ဆိုတော့ လွယ်လွယ်တော့ သူတို့ လုပ်လို့ ရလိမ့်မယ်လို့မထင်ဘူးဟု ပြောသည်။

စီမံကိန်းကို ပြန်လည်စတင်မည်ဟု စစ်အုပ်စုက ကြေညာပြီးနောက်ပိုင်း နဘုလယ်ဒေသရှိ ကျေးရွာများ အတွင်း သို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံထောင်နှင့်ချီ မှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ကိုယောနသံက စီမံကိန်းကို ပြန်စတင်မယ် လို့ စစ်တပ်ဘက်က ပြောလာတာတွေရှိတော့ ဒီဒေသတစ်ဝိုက်ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်ဘက်က စစ်အင်အား အလုံးအရင်း အသုံးပြုပြီးတော့မှ စစ်ကြောင်းထိုးတာ၊ ရေကြောင်းနဲ့ လေကြောင်း ပစ်ကူတွေနဲ့ပါ တိုက်ခိုက်တာမျိုးတွေလုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ အရင်ကထက် ပိုပြီးတော့ မြင့်မားလာမှာကိုတော့ ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေကြတာ ရှိပါတယ် ဟု ပြောသည်။

လက်ရှိတွင် အင်အား ၁၂၀ ခန့်ပါဝင်သော စစ်တပ် စစ်ကြောင်းသည် နဘုလယ်ဒေသရှိ ကျေးရွာများအတွင်း တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်နေပြီး ဧပြီလ ၂၀ ရက်နေ့ကလည်း ထိန်ကြီးကျေးရွာ ရှိ မင်္ဂလာဆောင်တစ်ခုကို ဝင်ရောက်စီးနင်းကာ ဒေသခံ ၂၀ ကျော်ကို ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။

ထားဝယ်အမျိုးသမီးသမဂ္ဂကမူ ယခုအခင်းအကျင်းအရ စီမံကိန်းကြောင့် ပြည်သူများ ပိုမိုထိခိုက်လာနိုင်သဖြင့် နိုင်ငံတကာမှ ဝိုင်းဝန်းဖိအားပေးရန်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပြည်သူလူထုကို မျက်နှာမူသည့် တူညီသောအသံဖြင့် ကန့်ကွက်ပေးကြရန် တိုက်တွန်းထားသည်။ 

စာရွက်ပေါ်မှ သဘောတူညီချက်များသည် မြေပြင်စစ်ရေးနှင့် လူထုကန့်ကွက်မှုများကြားတွင် လက်တွေ့ ဖြစ်လာရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုထားသည်။