Starlink နဲ့ အပြိုင် ဖြစ်လာနိုင်မယ့် ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို Blue Origin စတင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။ 

ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး တစ်ဦး ဖြစ်ပြီး Amazon ကုမ္ပဏီကို ထူထောင်ခဲ့တဲ့ Jeff Bezos ဟာ Star Link နဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မယ့် Tera Wave ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို စတင်လုပ်ဆောင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ 

သူတည်ထောင်ထားတဲ့ Blue Origin ကုမ္ပဏီဟာ TeraWave လို့ အမည်ပေးထားတဲ့ ဂြိုဟ်တုအင်တာနက် ကွန်ရက်တစ်ခုကို တည်ဆောက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ 

ဒီဝန်ဆောင်မှုကို အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းကြီးများ၊ Data Center များနဲ့ အစိုးရဌာနတွေကို ပစ်မှတ်ထား ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

စုစုပေါင်း ဂြိုဟ်တု ၅,၄၀၈ စင်း ကို အာကာသထဲ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။

အချက်အလက်ပေးပို့မှုနှုန်းဟာ တစ်စက္ကန့်ကို 6 Terabits (6 Tbps) အထိ မြန်ဆန်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဆိုလိုတာက အင်တာနက်က ရုပ်ရှင် တစ်ခုကို ၁ စက္ကန့်အတွင်း ဒေါင်းလုဒ် လုပ်နိုင်တဲ့ မြန်နှုန်း ဖြစ်ပါတယ္။ 

ပထမဆုံး ဂြိုဟ်တုအုပ်စုကိုတော့ ၂၀၂၇ ခုနှစ်၊ စတုတ္ထသုံးလပတ် မှာ စတင်လွှတ်တင်ဖို့ ရည်မှန်းထားပါတယ်။

ဒီဝန်ဆောင်မှုဟာ လက်ရှိ ဂြိုဟ်တု ၉,၀၀၀ ကျော်နဲ့ သုံးစွဲသူ ၉ သန်းရှိတဲ့ Elon Musk ရဲ့ Starlink ကို အဓိက ယှဉ်ပြိုင်မှာဖြစ်သလို၊ Jeff Bezos ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ Amazon ကုမ္ပဏီရဲ့ Leo  အင်တာနက်ဝန်ဆောင်မှုနဲ့လည်း ပြိုင်ဘက် ဖြစ်လာမှာပါ။

Blue Origin ဟာ အာကာသခရီးသွားလုပ်ငန်းနဲ့ ဒုံးပျံလွှတ်တင်ရေးကို အဓိကလုပ်ဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ NASA ရဲ့ အာကာသယာဉ်နှစ်စင်းကို New Glenn ဒုံးပျံနဲ့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သလို၊ ဒုံးပျံတွန်းကန်စက် (Booster) ကိုလည်း မြေပြင်ပေါ်သို့ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။