လကမ္ဘာဆီသို့ တရုတ်၏ ခြေလှမ်းသစ်နှင့် တရုတ်နှင့် နာဆာ အာကာသပြိုင်ပွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လကမ္ဘာပေါ်သို့ လူသားများစေလွှတ်နိုင်ရန် ရည်မှန်းထားသည့် စီမံကိန်းအတွက် အရေးပါသော ဒုံးပျံနှင့် အာကာသယာဉ် စမ်းသပ်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၀ ရက် အင်္ဂါနေ့ညပိုင်းက ဟိုင်နန်ကျွန်းရှိ လွှတ်တင်ရေးစခန်းတွင် (လောင်းမာ့ချ် ၁၀) Long March 10 ဒုံးပျံနှင့် (အိပ်မက်ယာဉ်) ဟု အဓိပ္ပာယ်ရသည့် (မန်ကျိုး) Mengzhou အာကာသယာဉ်တို့ကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ဤစမ်းသပ်မှုတွင် အာကာသယာဉ်ကို လေထုဖိအား အမြင့်ဆုံးအချိန်၌ ဒုံးပျံမှ အရေးပေါ်ခွဲထွက်သည့်စနစ်ကို အဓိကထား စမ်းသပ်ခဲ့သည်။ 

၎င်းစနစ်သည် ဒုံးပျံချို့ယွင်းမှု ဖြစ်ပွားပါက အာကာသယာဉ်မှူးများကို ဘေးကင်းရာသို့ ဆွဲထုတ်ပေးမည့်စနစ်ဖြစ်ပြီး၊ စမ်းသပ်မှုအတွင်း အာကာသယာဉ်သည် ပင်လယ်ပြင်သို့ လေထီးဖြင့် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ 

ထူးခြားချက်မှာ အာကာသယာဉ် ခွဲထွက်သွားသော်လည်း ဒုံးပျံသည် အာကာသထဲသို့ ဆက်လက်ပျံသန်းသွားခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်ကာ တောင်တရုတ်ပင်လယ်အတွင်းရှိ ရေပေါ်စင်မြင့်ထက်သို့ ဒေါင်လိုက်မတ်တတ် အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Mengzhou အာကာသယာဉ်သည် လကမ္ဘာသွားရန်သာမက လက်ရှိ တရုတ်အာကာသစခန်းသို့ လူ ၇ ဦးအထိ ပို့ဆောင်ရန်အတွက်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။

ယခုအောင်မြင်မှုကြောင့် ၁၉၇၂ ခုနှစ်နောက်ပိုင်း လကမ္ဘာသို့ လူပြန်လည်စေလွှတ်ရန် ပြင်ဆင်နေသည့် အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (NASA) နှင့် တရုတ်နိုင်ငံတို့အကြား အာကာသပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။

NASA က Artemis ဟု အမည်ပေးထားသော စီမံကိန်းဖြင့် ၂၀၂၆-၂၀၂၇ တွင် လကမ္ဘာသို့ နောက်တကြိမ် လူပို့ရန် ကြိုးစားနေသည်။