၅၄ နှစ်အကြာတွင် လကမ္ဘာသို့ လူသားများ ပြန်သွားပြီ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်။ 

အမေရိကန်အာကာသအေဂျင်စီ (NASA) သည် လူသားများကို လကမ္ဘာဆီသို့ ပြန်လည်စေလွှတ်မည့် သမိုင်းဝင် အာတီမစ် ၂ (Artemis II) ခရီးစဉ်ကို ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစခန်းမှ ဧပြီလ ၁ ရက်နေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ 

ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အပိုလို (Apollo) စီမံကိန်းနောက်ပိုင်း လူသားများ လကမ္ဘာသို့ ပထမဆုံးအကြိမ် ပြန်လည်ခရီးနှင်ခြင်းဖြစ်သည်။

အာတီမစ် ၂ ခရီးစဉ်တွင် အမေရိကန်အာကာသယာဉ်မှူး ၃ ဦးနှင့် ကနေဒါအာကာသယာဉ်မှူး ၁ ဦး၊ စုစုပေါင်း ၄ ဦး ပါဝင်ပြီး လကမ္ဘာကို ပတ်၍ ၁၀ ရက်ကြာ ခရီးနှင်ကြမည်ဖြစ်သည်။ 

ယခင်က နည်းပညာပိုင်းနှင့် လောင်စာဆီ ယိုစိမ့်မှုအခက်အခဲများကြောင့် ကြန့်ကြာခဲ့ရသော်လည်း ယခုအကြိမ်တွင်မူ အဆင်ပြေချောမွေ့စွာ လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အာကာသယာဉ်သည် လကမ္ဘာကို ပတ်ပြီးနောက် ကမ္ဘာ့ဆွဲအားကို အသုံးပြု၍ ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့ ပြန်လည်ဆင်းသက်မည်ဖြစ်သည်။ 

ဤစီမံကိန်းသည် နောင်တွင် လပေါ်၌ လူသားများ အခြေချနေထိုင်ရန်နှင့် အင်္ဂါဂြိုဟ် (Mars) သို့ ခရီးနှင်နိုင်ရန်အတွက် အလွန်အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်ဟု နာဆာက ပြောသည်။ 

NASA သိပ္ပံပညာရှင်များက ယခုခရီးစဉ်ကို မျိုးဆက်သစ်တို့အတွက် “မျက်မှောက်ခေတ်၏ အပိုလိုစီမံကိန်း” အဖြစ် တင်စားပြောဆိုခဲ့ကြသည်။