ထားဝယ် စုပေါင်းရုံးနဲ့ ရဲတပ်ဖွဲ့မှူး ရုံးများ ဒရုန်းဖြင့် တိုက်ခံရ၊ ခရီးသွားအချို့ ဒဏ်ရာရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂ ရက်။ 

ထားဝယ်မြို့ပေါ်ရှိ စုပေါင်းရုံးနှင့် ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် နေရာ ၄ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကျောင်းသူ ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရခဲ့သည်ဟု မြို့ခံများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား ရုံးစိုက်ရာနေရာများနှင့် အဓိကစစ်ဆေးရေးဂိတ်များအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နှစ်ကုန်ရက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခံရမှုများအနက် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဗုံးသီးကျရောက်ပေါက်ကွဲမှု ကြောင့် ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည့် ကျောင်းသူ နှစ်ဦးနှင့် ခရီးသွားအမျိုးသမီး သုံးဦး၊ စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၈ နာရီခန့်တွင် ထားဝယ်မြို့ရှိ စုပေါင်းရုံးအား ဒရုန်းဖြင့် ဗုံးသီးတစ်လုံး စတင်ချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက် နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်း ကမြောကင်းတံတား စစ်ဆေး ရေးဂိတ်သို့ ဗုံးသီးနှစ်လုံး၊ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအနီး တစ်လုံးနှင့် ကမ်းနားလမ်းသဲကွင်းသို့ နှစ်လုံး၊ စုစုပေါင်း ဗုံးသီး ၆ လုံးဖြင့် အဆင့်ဆင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကမြောကင်းတံတားအနီး နေထိုင်သူ အမျိုးသားတစ်ဦးက အားလုံးပေါင်း ခြောက်လုံးတောင်မှ။ ကမြောကင်း တံတားမှာတော့ ကျောင်းသူနှစ်ယောက် ကျောင်းဝတ်စုံတွေနဲ့။ ကျောင်းသူတစ်ယောက်က ဝမ်းဗိုက်နဲ့ ခြေလက် တွေ ထိထားတယ်။ အမျိုးသမီး သုံးယောက်မှာလည်း ခြေထောက်တွေ ထိထားတယ်။ ကျန်တဲ့နေရာတွေမှာ တော့ ထိခိုက်တာမျိုး မရှိဘူးလို့ သိရတယ် ဟု ပြောသည်။

ဒဏ်ရာရရှိသူများကို ထားဝယ်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကာ ဆေးကုသမှု ပေးနေရကြောင်းနှင့် တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တံတားဖြတ်သန်းခွင့်ကို ယာယီပိတ်ထားခဲ့ရာမှ မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း မြို့ခံများက ပြောသည်။ 

ကမြောကင်းတံတား စစ်ဆေးရေးဂိတ်သည် စစ်ကော်မရှင်တပ် အတွက် အရေးပါသော လုံခြုံရေးဂိတ်တစ်ခု ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ ညသန်းခေါင်အချိန်ကလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသေး သည်။ 

ထိုစဉ်က ဂိတ်ဧရိယာအတွင်းရှိ နေအိမ်တစ်လုံးအနီး ဗုံးသီးကျရောက် ပေါက်ကွဲခဲ့သဖြင့် အိမ်အတွင်း အိပ်ပျော်နေသည့် အမျိုးသမီးတစ်ဦး ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ယခုနှစ်ကုန်ရက် မြို့ပေါ် တိုက်ခိုက်မှုများအတွင်း ကမ်းနားလမ်းသဲကွင်း၊ စုပေါင်းရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့တွင် လူထိခိုက်မှု မရှိကြောင်း သိရသော်လည်း မြို့တွင်းလုံခြုံရေးမှာမူ ယခင်ကထက် ပိုမိုတင်းကျပ်လာနေသည်။

ထားဝယ်မြို့ပေါ်ရှိ အဆိုပါနေရာများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့သည်ဆိုသည်ကိုမူ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

တနင်္သာရီတိုင်းအတွင်း၌ စစ်ကော်မရှင်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး၊ ယခုကဲ့သို့ မြို့ပေါ်ပစ်မှတ်များကို ဒရုန်းဖြင့် တိုက်ခိုက်လာခြင်းမှာ နှစ်သစ်ကူးကာလတွင် တော်လှန်ရေးအရှိန် မြှင့်တင်လာခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။