ထိုင်းဘတ်ငွေတန်ဖိုး အဆမတန်မြင့်တက်မှုကို ထိုင်းဗဟိုဘဏ် ထိန်းချုပ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။ 

ထိုင်းဘတ်ငွေတန်ဖိုးသည် ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်လာနေသောကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

နိုင်ငံခြားသားများအတွက် ထိုင်းနိုင်ငံတွင် ငွေသုံးစွဲရန်နှင့် ထိုင်းကုန်ပစ္စည်းများ ဝယ်ယူရန် ဈေးနှုန်းပိုမို မြင့်မားလာခြင်းကြောင့် ထိုင်းဗဟိုဘဏ်က ဘတ်ငွေတန်ဖိုး ပြန်လည်ကျဆင်းစေရန် နည်းလမ်း (၃) ခုဖြင့် ကြိုးပမ်းနေသည်။

ပထမဦးစွာ ထိုင်းနိုင်ငံသားများ ပြည်ပတွင် ရရှိသည့်ဝင်ငွေများကို ချက်ချင်းပြန်လည်လွှဲပို့ရမည့် ကန့်သတ်ချက်ကို လျှော့ချပေးလိုက်သည်။ ၎င်းသည် ပြည်တွင်းသို့ နိုင်ငံခြားငွေဝင်ရောက်မှုကို လျော့နည်းစေကာ ဘတ်ငွေတန်ဖိုးကို ထိန်းညှိပေးမည်ဖြစ်သည်။ 

ဒုတိယအနေဖြင့် ရွှေဈေးကစားခြင်းကြောင့် ငွေကြေးဈေးကွက် မတည်မငြိမ်မဖြစ်စေရန် ရွှေကုန်သည်များအား ငွေအဝင်အထွက်စာရင်းများကို တိကျစွာ အစီရင်ခံရန် ညွှန်ကြားထားသည်။ 

တတိယအချက်မှာ ဘဏ်အတိုးနှုန်းများကို လျှော့ချခြင်းဖြစ်ပြီး ၎င်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ငွေထုတ်ယူသွားစေရန် လှုံ့ဆော်ကာ ဘတ်ငွေတန်ဖိုး ပြန်လည်ကျဆင်းစေမည်ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် ဘတ်ငွေဈေး အဆမတန်မြင့်တက်နေမှုကို တန့်သွားစေနိုင်ပြီး ပို့ကုန်နှင့် ခရီးသွားလုပ်ငန်းရှင်များအတွက် အဆင်ပြေလာမည်ဟု ထိုင်း ဗဟိုဘဏ်က မျှော်လင့်ထားသည်။

ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်ကုန်တွင် ထိုင်းဘတ်ငွေဈေးမှာ ၁ ဒေါ်လာလျှင် ၃၁.၇ ဘတ် မှ ၃၂.၂ ဘတ် ကြားတွင် ရှိနေနိုင်ကြောင်း သိရှိရပါသည်။