အမေရိကန်က ကုလသမဂ္ဂရန်ပုံငွေ ၈ ဆ ဖြတ်တောက်၊ မြန်မာနိုင်ငံ လူသားချင်းစာနာမှု အခက်အခဲ ကြုံတွေ့နိုင်ဟု ထောက်ပံ့ရေးနှင့် လူ့အခွင့်အရေး အဖွဲ့များ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။
အမေရိကန်အစိုးရသည် ကုလသမဂ္ဂ (UN) ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် ယခင်က နှစ်စဉ် ဒေါ်လာ ၁၇ ဘီလီယံခန့် ထောက်ပံ့ပေးခဲ့သော်လည်း ယခုအခါ ဒေါ်လာ ၂ ဘီလီယံသို့ ၈ ဆခန့် လျှော့ချလိုက်ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် ရန်ပုံငွေပေးအပ်သည့်စနစ်ကိုလည်း အေဂျင်စီတစ်ခုချင်းစီသို့ တိုက်ရိုက်မပေးတော့ဘဲ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) မှတစ်ဆင့်သာ ခွဲဝေပေးတော့မည်ဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရန့်က ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် အသုံးစရိတ်လျှော့ချခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်ပါက ရပ်ဆိုင်းသွားမည့်အန္တရာယ် (Adapt or Die) နှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။
ဂါဇာ၊ ဆူဒန်နှင့် အာဖဂန်နစ္စတန်တို့တွင် အကူအညီလိုအပ်ချက် မြင့်မားနေချိန်၌ ယခုကဲ့သို့ ဘတ်ဂျက်ဖြတ်တောက်မှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP )၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) တို့တွင် ဝန်ထမ်းလျှော့ချခြင်းနှင့် လုပ်ငန်းစဉ်များ ရပ်တန့်ခြင်းတို့ ကြုံတွေ့နေရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ဦးစားပေးနိုင်ငံစာရင်းတွင် ပါဝင်မှုနည်းပါးနေခြင်းကြောင့် ယခုဖြတ်တောက်မှုဒဏ်ကို အဆိုးရွားဆုံး ခံရနိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင် (IDP) ၃ သန်းကျော်မှာ ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် တိုက်ရိုက်ရင်ဆိုင်ရနိုင်ကြောင်း WFP နှင့် UNHCR တို့က သတိပေးထားသည်။
Human Rights Watch နှင့် Amnesty International တို့ကလည်း အမေရိကန်၏ ဤမူဝါဒသစ်သည် မြန်မာနိုင်ငံကဲ့သို့သော ပဋိပက္ခဒေသများတွင် “လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေး” ကို ဦးတည်စေနိုင်ကြောင်း ထောက်ပြဝေဖန်ထားသည်။