ထိုင်ဝမ်ကျွန်းပတ်လည်တွင် တရုတ်နိုင်ငံက ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်၌ “Justice Mission 2025” ဟု အမည်ပေးထားသည့် အကြီးစားစစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်နေသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အရှေ့ပိုင်းစစ်ဒေသကွပ်ကဲမှုအဖွဲ့သည် တနင်္လာနေ့မှစတင်ကာ ကျွန်းပတ်လည်ရှိ သတ်မှတ်ဇုန် (၅) ခုတွင် ကြည်း၊ ရေ၊ လေ နှင့် အမြောက်တပ်ဖွဲ့များကို အသုံးပြု၍ လေ့ကျင့်လျက်ရှိသည်။
မနက်ဖန် အင်္ဂါနေ့တွင် ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ဤစစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ “ထိုင်ဝမ်လွတ်လပ်ရေး” လိုလားသည့် ခွဲထွက်ရေးသမားများနှင့် ပြင်ပစွက်ဖက်မည့် အင်အားစုများကို ပြင်းထန်စွာသတိပေးရန်ဖြစ်ကြောင်း တရုတ်အစိုးရက ဆိုသည်။
အထူးသဖြင့် ထိုင်ဝမ်ကျူးကျော်ခံရပါက ဂျပန်နိုင်ငံက ကာကွယ်ပေးမည်ဟူသော ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်နှင့် အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဘီလီယံဖိုး လက်နက်ရောင်းချမှုအပေါ် တုံ့ပြန်ခြင်းလည်း ဖြစ်သည်။
ယခုလေ့ကျင့်မှုတွင် ထူးခြားချက်မှာ ထိုင်ဝမ်၏ အဓိကဆိပ်ကမ်းများဖြစ်သော မြောက်ပိုင်းမှ ကီးလုံ (Keelung) နှင့် တောင်ပိုင်းမှ ကောက်ဆွန်း (Kaohsiung) တို့ကို ပိတ်ဆို့ဖြတ်တောက်ရန် ပထမဆုံးအကြိမ် လူသိရှင်ကြား လေ့ကျင့်လာခြင်း ဖြစ်သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ဤလုပ်ရပ်ကို “မဆင်မခြင်ရန်စမှု” အဖြစ် ပြင်းထန်စွာရှုတ်ချပြီး တပ်ဖွဲ့ဝင်များကို အမြင့်ဆုံးသတိပေးအခြေအနေတွင် ထားရှိကာ တရုတ်ဘက်က ရုတ်တရက်ကျူး ကျော်လာပါက ပြန်လည်တုံ့ပြန်နိုင်ရန် အလျင်အမြန်တုံ့ပြန်ရေးလေ့ကျင့်ခန်း (Rapid Response Exercise) ကို လုပ်ဆောင်နေသည်။
သို့သော်လည်း ထိုင်ဝမ်စတော့ဈေးကွက်မှာမူ ဤစစ်ရေးခြိမ်းခြောက်မှုများကြားမှ စံချိန်တင်မြင့်တက်ခဲ့သည်ကို တွေ့ရသည်။