ဒေါ်နယ်ထရန့်က အဖွဲ့ဝင်ကြေး ၁ ဘီလီယံ ထည့်ဝင်ရမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘာ့ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်၍ “Board of Peace” (ငြိမ်းချမ်းရေးဘုတ်အဖွဲ့) ကို ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံပေါင်း (၆၀) ခန့်ကို အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ 

အဆိုပါဘုတ်အဖွဲ့တွင် သမ္မတထရန့်က တစ်သက်တာဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများမှာ (၃) နှစ်သက်တမ်း သတ်မှတ်ထားသည်။ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လိုပါက အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ထည့်ဝင်ရမည်ဟု သတ်မှတ်ထား သည်။

အဆိုပါဘုတ်အဖွဲ့သည် ပထမဆုံးလုပ်ငန်းစဉ်အဖြစ် ဂါဇာပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားကမ္ဘာ့ပဋိပက္ခများအထိ ချဲ့ထွင်ဆောင်ရွက်သွားရန် ရည်မှန်းထားသည်။ 

ယင်းသို့ ဖွဲ့စည်းမှုအပေါ် ဟန်ဂေရီ၊ ဗီယက်နမ်၊ အီတလီနှင့် ကနေဒါနိုင်ငံတို့က ပူးပေါင်းရန် အပြုသဘောဆောင်သော တုံ့ပြန်မှုများ ရှိခဲ့သော်လည်း၊ တစ်ဖက်တွင် ကုလသမဂ္ဂ (UN) ၏ အခန်းကဏ္ဍ မှေးမှိန်သွားနိုင်သည့်အပေါ် နိုင်ငံတကာခေါင်းဆောင်အချို့က စိုးရိမ်လျက်ရှိကြသည်။

ကုလသမဂ္ဂဘက်ကမူ နိုင်ငံများအနေဖြင့် မိမိတို့စိတ်ကြိုက် အဖွဲ့အစည်းများ ဖွဲ့စည်းပိုင်ခွင့်ရှိသော်လည်း ကုလသမဂ္ဂအနေဖြင့် ၎င်း၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။