ဂါဇာပြန်လည်ထူထောင်ရေးအတွက် အသစ်ဖွဲ့လိုက်သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့က ဒေါ်လာ ၇ ဘီလီယံ ကူညီမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းဖွဲ့စည်းထားသည့် “Board of Peace” အဖွဲ့ဝင်နိုင်ငံများမှ ဂါဇာဒေသ ကူညီကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ထည့်ဝင်ကြမည်ဟု  ဝါရှင်တန်ဒီစီတွင် ပြုလုပ်သည့် အဖွဲ့၏ ပထမဆုံးအစည်းအဝေး၌ ပြောကြားလိုက်သည်။

ဂါဇာဒေသအတွက် ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ ယူအေအီး (UAE)၊ မော်ရိုကို၊ ဘာရိန်း၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဥဇဘက်ကစ္စတန် နှင့် ကူဝိတ် နိုင်ငံများက ရန်ပုံငွေထည့်ဝင်ကြမည် ဖြစ်သည်။

ထို့အပြင် ကုလသမဂ္ဂ (UN) က လူသားချင်းစာနာမှုအကူအညီအတွက် ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်မည်ဖြစ်ပြီး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ဂါဇာရှိ ဘောလုံးကဏ္ဍအတွက် ဒေါ်လာ ၇၅ သန်း ရှာဖွေပေးမည်ဟု ဆိုသည်။

ဘုတ်အဖွဲ့ ဥက္ကဌ သမ္မတ ထရန့်က ဟားမတ်စ်တို့ လက်နက်စွန့်လွှတ်တော့မည့် ပုံစံရှိသည်ဟု အကောင်းမြင်ပြောကြားသော်လည်း၊ မြေပြင်တွင်မူ ဟားမတ်စ်တို့က ဂါဇာကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာဒေသကို စစ်မဲ့ဇုန်အဖြစ် အရင်ဆုံး မလုပ်ဆောင်နိုင်သရွေ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်မည်မဟုတ်ကြောင်း ပြောထားသည်။

ဂါဇာအတွက် ပါလက်စတိုင်း ရဲတပ်ဖွဲ့သစ်ကို အသစ်ကနေ ပြန်လည်ဖွဲ့စည်းရန် စတင်နေပြီး လူပေါင်း ၂,၀၀၀ ခန့် လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

ဘုတ်အဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာတွင် စိုးရိမ် ပူပန်မှုများလည်း ရှိနေသည်။ 

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်နှင့် ဂျာမနီ စသည့် အနောက်နိုင်ငံများမှာမူ ဤ Board of Peace အဖွဲ့ထဲသို့ ဝင်ရောက်ရန် ငြင်းဆန်ထားကြသည်။ ၎င်းတို့က ဤအဖွဲ့သည် ကုလသမဂ္ဂ (UN) ကို ဘေးဖယ်ထုတ်ရန် ကြိုးပမ်းခြင်းဖြစ်မည်ကို စိုးရိမ်နေကြသည်။

သို့သော် သမ္မတထရန့်က ၎င်းတို့အနေဖြင့် ကုလသမဂ္ဂနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ဂါဇာဒေသ၏ ပျက်စီးဆုံးရှုံးမှုမှာ ဒေါ်လာ ဘီလီယံ ၇၀ ခန့် ရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသဖြင့် ယခုရရှိထားသည့် ၇ ဘီလီယံမှာ အစပျိုးမှုသာ ရှိပါသေးသည်။ 

ထို့အပြင် ဟားမတ်စ်တို့ဘက်က လက်နက်စွန့်လွှတ်ခြင်း မရှိသေးသရွေ့ ပြန်လည်ထူထောင်ရေး åလုပ်ငန်းများမှာ လက်တွေ့တွင် ခက်ခဲနေဦးမည် ဖြစ်သည်။