ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးတင်းမာမှုဆက်ဖြစ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။ 

ဂရင်းလန်ကျွန်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်အစိုးရက ဥရောပနိုင်ငံအချို့အပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်နေသည့်အပေါ် ဥရောပသမဂ္ဂ (EU) က ပြင်းထန်စွာ တုံ့ပြန်ရန် ပြင်ဆင်နေသည်။ 

ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး၌ EU သံအမတ်ကြီးများသည် အမေရိကန်အစိုးရကို သံတမန်နည်းလမ်းဖြင့် တိုက်တွန်းရန်နှင့် အကယ်၍ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အမေရိကန်က အခွန်တိုးမြှင့်မှုကို အမှန်တကယ် လုပ်ဆောင်လာပါက လက်တုံ့ပြန်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

လက်တုံ့ပြန်မှုအနေဖြင့် အမေရိကန်ကုန်စည်များအပေါ် ယူရို (၉၃) ဘီလီယံဖိုး အခွန်ပြန်လည်ကောက်ခံခြင်းအပြင် “Trade Bazooka” ဟု ခေါ်ဆိုသော Anti-Coercion Instrument (ACI) ယန္တရားကို အသုံးပြုရန် စီစဉ်ထားသည်။ 

ယင်းယန္တရားအရ အမေရိကန်ကုန်စည်များကို အခွန်အဆမတန် တိုးကောက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ခြင်း၊ အစိုးရတင်ဒါများမှ ပိတ်ပင်ခြင်းနှင့် နည်းပညာကုမ္ပဏီများ၏ ဝန်ဆောင်မှုများကို ကန့်သတ်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။ 

လက်ရှိတွင် သတိပေးသည့်အနေဖြင့် ဇန္နဝါရီလ နှောင်းပိုင်းတွင် အတည်ပြုရန် ရှိသည့် EU-US ကုန်သွယ်ရေးသဘောတူညီချက်ကို အတည်မပြုဘဲ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ထားသည်။