အင်းလေးတွင် မိုးသက်လေပြင်းကြောင့် အိမ်ခြေ ၃၀ ကျော် ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် အင်းလေးဒေသ၊ ငါးဖယ်ချောင်းကျေးရွာအုပ်စု၊ ပျားပင်တောင် ကျေးရွာသို့ မိုးသက်လေပြင်း ရုတ်တရက် ကျရောက်ခဲ့ခြင်းဖြစ်ပြီး သစ်နှင့် ဝါးတို့ဖြင့် ဆောက်လုပ်ထားသည့် သွပ်မိုး၊ သက်ကယ်မိုး လူနေအိမ်များ အမိုး၊ အကာနှင့် အိမ်တွင်းပစ္စည်းများ လွင့်စင်ပျက်စီးခဲ့ရသည်။

ဒေသခံ အမျိုးသားတစ်ဦးက “လေက တော်တော်ပြင်းတယ်။ တအိမ်လုံး ဟိုဖက်ဒီဖက် ယိမ်းထိုးနေတာ ကျနော် ဆို ပြိုမလားတောင် ထင်နေတာ။ နောက်အကုန်ငြိမ်သွားတော့မှ တစ်ရွာလုံး ဖုန်းဆက်လိုဆက်၊ စာပို့ကြနဲ့ နည်း နည်း စိတ်အေးသွားရတာ။ ပြိုတာတော့ ရှိတယ်။ ဝါးအိမ်တွေပေါ့” ဟု ပြောသည်။

ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် စစ်အုပ်စု၏ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများက ပျက်စီးဆုံးရှုံးမှု စာရင်းများ လာရောက်ကောက်ယူသွားခဲ့ပြီး လတ်တလောအတွက် ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေသည်။

ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတစ်ဦးက “အထက်ကတော့ ကြာဦးမှာပါ။ ကျနော်တို့ ငလျင်တုန်းက အိမ်တွေတောင် ရွာတိုင်း ဆောက်လို့ မပြီးသေးဘူး။ အခုလောလောဆယ်ကတော့ ဝါးအိမ်နဲ့ နေတဲ့လူပေါ့နော်။ ယာယီသဘော လိုတာပေါ့။ ရွာကဝိုင်းဝန်းပြီးတော့ ဘယ်လိုစီစဉ်ကြမလဲတော့ မသိဘူး။ အလှူရှင်တွေတော့ လိုတာပေါ့။ မနေ့ကမှဖြစ်တာဆိုတော့ သတင်းလည်း မတက်သေးတော့လေ” ဟု ပြော သည်။

ငါးဖယ်ချောင်းကျေးရွာအုပ်စုသည် ၂၀၂၅ ခုနှစ်ကလည်း ငလျင်ဒဏ်သင့်ခဲ့သည့် ဒေသဖြစ်ပြီး ထိုစဉ်က ပျက်စီး သွားသည့် လူနေအိမ်များကိုပင် အကုန်အစင် ပြန်လည်မဆောက်လုပ်နိုင်သေးမီ ယခုကဲ့သို့ လေဘေးဒဏ် ထပ်မံ ကြုံတွေ့ရခြင်း ဖြစ်သည်။

အင်းလေးဒေသသည် စစ်ဘေးဒဏ် မကြုံတွေ့ရသော်လည်း ၂၀၂၄ ခုနှစ်တွင် ရေဘေး၊ ၂၀၂၅ ခုနှစ်တွင် ငလျင် ဘေးနှင့် ယခု ၂၀၂၆ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်များ ဆက်တိုက် ကြုံတွေ့နေရသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိသည်။

အလားတူ အခြားကျေးရွာများတွင်လည်း မိုးသက်လေပြင်းကြောင့် ပျက်စီးမှုများ ရှိနေပြီး ထိခိုက်မှု အခြေအနေ အသေးစိတ်ကို သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က ဆက်လက် စုံစမ်းလျက်ရှိသည်။