ပွင့်လင်းကာလတွင် တိုက်ပွဲများ ပိုပြင်းထန်လာနိုင်ကြောင်း AA သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ရှေ့လာမည့် ပွင့်လင်းကာလ မိုးအကုန်ဆောင်းအစတွင် စစ်အုပ်စုတပ်က အင်အားသုံး၍ ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးများ ပြုလုပ်လာနိုင်သဖြင့် ရခိုင်ဒေသနှင့် နယ်စပ်စစ်မျက်နှာပြင်များ၌ တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း အာရက္ခတပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သတိပေး ပြောဆိုလိုက်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ပထမဦးဆုံးအကြိမ် ထုတ်ဝေသည့် ပါတီစာဆောင်၏ အယ်ဒီတာ့ အာဘော်မှတစ်ဆင့် စက်တင်ဘာလ ၂၇ ရက်တွင် ဒေါက်တာညိုထွန်းအောင်က လက်ရှိစစ်ရေး အခြေအနေများ ကို အသိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်တွေနှင့် ကျောက်ဖြူ စစ်မျက်နှာပြင်များအပြင် နယ်စပ်ဒေသများဖြစ်သည့် အာရက္ခ-မကွေး၊ အာရက္ခ-ပဲခူး၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်များနှင့် ချင်းပြည်နယ်-ပလက်ဝနယ်စပ်၊ အာရက္ခကမ်းရိုးတန်းတစ်လျှောက်တို့တွင် စစ်အုပ်စုတပ်က အင်အားဖြည့်တင်းလျက်ရှိသည်ဟု ဆိုသည်။

ဒေါက်တာညိုထွန်းအောင်က “စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာပြင်၊ အာရက္ခ-မကွေးအစပ်၊ အာရက္ခ-ပဲခူး အစပ်၊ အာရက္ခ-ဧရာဝတီတိုင်းအစပ်တို့ အပြင် ချင်းပြည်-ပလက်ဝ-အာရက္ခအစပ်နဲ့ အာရက္ခကမ်းရိုးတန်းဖက် ကပါ လက်ရှိအသုံးပြုနေတဲ့ စစ်အင်အားထက် နှစ်ဆ၊ သုံးဆတိုးပြီး ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးကို တပြိုင် နက်တည်းလုပ်လာနေလို့ စစ်ရိပ်စစ်သန်းတွေကို တွေ့နေရပြီး မိုးအကုန် ဆောင်းအစကာလ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်တဲ့ အနေအထားကိုလည်း တွေ့နေရတယ်” ဟု ပြောသည်။

ထို့ပြင် ရခိုင်ဒေသအတွင်း တိုက်ပွဲများ မပြီးဆုံးသေးဘဲ တိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေရသည့် နယ်မြေ ရှင်းလင်းရေးနှင့် စစ်ရေးတာဝန်များ ရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း အာရက္ခတိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများကို အာရက္ခပြည်သူ့အစိုးရအနေဖြင့် တစ်ပြိုင်နက်တည်း အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။

ဒေသတွင်းတွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ ပြင်းထန်နေသော်လည်း ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားဆိုင်ရာ ဌာနများအား ဖွဲ့စည်းပုံနှင့်အညီ တိုးချဲ့ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း ဆိုသည်။

အာရက္ခပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် အမျိုးသားအောင်ပွဲရက်မြတ်သည် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ပြီး တော်လှန်ရေး၏ သဘောသဘာဝအတိုင်း ခက်ခဲကြမ်းတမ်းသော ကာလတစ်ခုကို မလွဲ မသွေ ရင်ဆိုင်ဖြတ်သန်းနေရကြောင်းလည်း ဒေါက်တာညိုထွန်းအောင်က ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းရှိ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များ အပါအဝင် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း နယ်စပ်အစပ်များနှင့် ချင်းပြည် ပလက်ဝဒေသတို့တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုတပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။