ရခိုင် မင်းပြားကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ ပြည်သူ ၈ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၈ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။

စက်တင်ဘာလ ၂၈ ရက် နံနက် ၇ နာရီခန့်တွင် စစ်အုပ်စု၏ မကွေးလေတပ်မှ Y-12 စစ်ထောက်ပို့လေယာဉ်ဖြင့် စွန်ရဲရွာအတွင်းသို့ ဒရော့ဗုံး (Drop Bomb) ၃ လုံး ကြဲချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်မှ ၇၀ နှစ်အရွယ်အတွင်းရှိ ဒေသခံအမျိုးသား၊ အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ထိုအထဲမှ အမျိုးသမီးတစ်ဦးမှာ လည်ပင်းတွင် ဗုံးစထိမှန်ကာ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးမှာလည်း ခြေသလုံးတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ရခိုင်မြောက်ပိုင်း ဒေသခံအမျိုးသားတစ်ဦးက “စက်တင်ဘာ ၂၇ ရက်နေ့ကလည်း မင်းပြားကို ဗုံးကြဲတယ်။ အခု ၂၈ ရက်နေ့ မနက်ပိုင်းလည်း ကြဲတယ်။ လက်ရှိကတော့ ဒဏ်ရာရရှိသွားသူတွေကို ဆေးကုသဖို့ ပို့ထားတယ်။ လေကြောင်းအန္တရာယ်က ကျွန်တော်တို့ဆီမှာ ကြီးမားလာပါတယ်။ တပ်တော်ရဲ့ လေကြောင်းအန္တရာယ် အသိပေးချက်တွေ လိုအပ်သလို ပြည်သူကလည်း လိုက်နာဖို့ လိုပါတယ်” ဟု ပြောသည်။

စက်တင်ဘာလ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၀ ရက်အတွင်း စစ်အုပ်စုတပ်သည် အမ်း၊ မင်းပြား၊ ဂွ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ သံတွဲနှင့် မြောက်ဦး စသည့် မြို့နယ် ၉ ခုကို လေကြောင်းမှ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များနှင့် အာရက္ခတပ်တော် (AA) က ပြောဆို ထုတ်ပြန်သည်။

တောင်ကုတ်ဒေသခံ ပရဟိတသမား အမျိုးသားတစ်ဦးက “သံတွဲ၊ ဂွမြို့တွေကို စစ်တပ်က ပြန်ယူဖို့ လုပ်နေတာ၊ စစ်ကြောင်းတွေ ဧရာဝတီတိုင်း နယ်စပ်တစ်လျှောက် ထိုးနေတာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ မြေပြင် က မရတော့ လေကြောင်း၊ ရေကြောင်းတွေကပါ ပြည်သူကို ဗုံးကြဲတာတွေ လုပ်တယ်။ အဲလိုပဲ ရခိုင်မြောက် ပိုင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် အဲဒီနေရာတွေကိုလည်း ဆက်တိုက်ကြဲနေတာ။ ကျနော်တို့ ပရဟိတသမားတွေ ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိသလို တပ်တော်ကလည်း ဗုံးခိုကျင်းတွေမှာနေဖို့ သတိပေး တာတွေ လုပ်နေပါတယ်။ ဆေးဝါးကုသမှုပိုင်းကတော့ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေ ကိုလည်း ဗုံးကြဲတော့ ကုသရေးတွေ ခက်ခဲပါတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် မြေပြင်တွင် စစ်ရေးအရ အရှုံးနှင့် ရင်ဆိုင်နေရသဖြင့် အရပ်သားများ နေထိုင်ရာ ကျေးရွာ များ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် ဆေးရုံများပါမကျန် လေကြောင်းမှ နေ့ရောညပါ ဗုံးကြဲ တိုက်ခိုက်နေကြောင်း စက်တင်ဘာ ၂၇ ရက်စွဲဖြင့် AA က ထုတ်ပြန်ထားသည်။

စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် ဒေသခံပြည်သူများ အနေဖြင့် လေကြောင်းသတိပေးချက်များကို အထူးဂရုစိုက်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် မိသားစုအလိုက် ဗုံးခိုကျင်းများ စနစ်တကျ တူးဖော်နေထိုင်ကြရန် AA က အသိပေးနှိုးဆော်ထားသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဒေသတွင်း ပရဟိတအဖွဲ့များနှင့် ဆေးဝါးကုသရေးအဖွဲ့များက ကူညီစောင့်ရှောက်ပေးလျက်ရှိသော်လည်း စစ်အုပ်စု၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုနှင့် ဆေးရုံ၊ ဆေးခန်းများပါမကျန် ပစ်မှတ်ထား ဗုံးကြဲခံနေရမှုတို့ကြောင့် အရေးပေါ်ဆေးဝါးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည်။