PDF-Zoland မှ စစ်သုံ့ပန်း ၈၀ ခန့် အစုလိုက် ထွက်ပြေးလွတ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ PDF-Zoland ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော ဗိုလ်မှူး၊ ဗိုလ်ကြီးများ အပါအဝင် စစ်သုံ့ပန်း ၈၀ ခန့် အချုပ်စောင့်များကို တိုက်ခိုက်ကာ အစုလိုက် ထွက်ပြေး လွတ်မြောက်သွားကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက ကနေဒီတောင်တိုက်ပွဲနှင့် ဒေသတွင်းတိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများသည် အချုပ်စောင့် ရဲဘော်များကို ရိုက်နှက်၍ လက်နက်နှင့် ကျည်ဆန်များ လုယူကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများအနက် အယောက် ၃၀ ထက်မနည်းသည် တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) စစ်အုပ်စုတပ်ထံ ပြန်လည်ရောက်ရှိသွား ကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ခလရ ၂၆၉ တပ်ကုန်းဘက်ကို မောင်းသွားတဲ့ စစ်ကားပေါ်မှာ စစ်ဝတ်စုံ ဝတ်ထားသူတွေအပြင် အရပ်ဝတ်နဲ့ စစ်သုံ့ပန်း ၃၀ ကျော် ၄၀ လောက် တင်လာတာကို မြင်လိုက်ရတယ်။ စစ်ကောင်စီတပ်ကလည်း သူတို့ သုံ့ပန်းတွေကို လာကြိုပြီး လမ်းဇန်ရွာမှာ အင်အား ၃၀ လောက်နဲ့ ဝင်တပ်စွဲ ထားတာ မျိုးတွေ ရှိပါတယ်” ဟု PDF-Zoland နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ထွက်ပြေးနေသည့် စစ်သုံ့ပန်းများနှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ များအကြား ထိတွေ့မှုဖြစ်ပွားစဉ် ထွက်ပြေးစစ်သုံ့ပန်းများ၏ ပစ်ခတ်မှုကြောင့် လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ ခရီးသွားနေသည့်ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာတော်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး၊ ၎င်း၏အစ်ကိုဖြစ်သူလည်း ဒဏ်ရာ ရရှိခဲ့သည်။
“စစ်သုံ့ပန်းတွေဟာ ရေချိုးဖို့ အကြောင်းပြပြီး အချုပ်စောင့်ကို ရိုက်နှက် လက်နက်လုယူ ပြေးကြတာပါ။ အချုပ် စောင့်ရဲဘော်တချို့ ဒဏ်ရာရသွားတယ်။ လမ်းမှာ သုံ့ပန်းတွေ ပစ်ခတ်တာကြောင့် ခရီးသွားနေတဲ့ အသင်းအုပ်ဆရာတော်တစ်ပါး ကျည်ထိသေဆုံးခဲ့ရတယ်” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ်က ထွက်ပြေးနေသည့် စစ်သုံ့ပန်းများ လွယ်ကူစွာ ထွက်ပြေးလွတ်မြောက်နိုင်ရေးနှင့် နယ်မြေရှင်းလင်းနိုင်ရန်အတွက် စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့သို့ တက်လာမည့် မော်တော်ယာဉ်များအားလုံးကို သွားလာခွင့် ပိတ်ပင်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း PDF-Zoland ထိန်းသိမ်းရေးစခန်းမှ စစ်သုံ့ပန်း ၁၀ ဦးထက် မနည်း ထွက်ပြေးလွတ်မြောက်ခဲ့ဖူးပြီး၊ ၎င်းတို့ကို စစ်အုပ်စုက ကလေးမြို့ စစ်ဆေးရေးဂိတ်များတွင် ပြန်လည် တာဝန်ချထားသဖြင့် စစ်ရေးသတင်းအချက်အလက် ပေါက်ကြားမည်ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံ များက စိုးရိမ်နေကြသည်။
ဓါတ်ပုံ – စစ်အုပ်စုထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသည့် စစ်သုံ့ပန်းများ / PDF-Zoland)