ပအိုဝ်းပြည်သူ့စစ်က အသက် ၆၀ ကျော် အရပ်သားအား နှိပ်စက် သတ်ဖြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီးတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က အသက် ၆၀ ကျော်အရွယ် စစ်ဘေးရှောင် တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်သည်။
စံကားမြို့အနီး၊ လွယ်လုံကျေးရွာတွင် PDF ဆက်စပ်မှုဖြင့် အမျိုးသား ၇ ဦးကို PNA အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အသက်အကြီးဆုံး ဖြစ်သည့် ဦးဆောင် ဆိုသူအား ဆိုက်ခေါင်မြို့ စစ်ကြောရေးစခန်း၌ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
PNA နှင့် နီးစပ်သူ တစ်ဦးက “ဆိုက်ခေါင် ငရဲခန်းမှာ ၇ ယောက်လုံး သေနတ်ဒင်နဲ့ ရိုက်စစ်တာ။ ၄ ရက် လုံး အရိုက်ခံရတာ သွေးတွေဆိုရင် ခေါင်းထဲမှာ ခဲနေတာပဲတဲ့။ ၄ ရက်လုံး ထမင်း ၃ နှပ်နဲ့ ရေတခွက်ပဲ တိုက်တာ တဲ့။ လုပ်ရက်လိုက်ကြတာ” လို့ ပြောသည်။
အဆိုပါ အမျိုးသား ၇ ဦးမှာ ၎င်းတို့ စစ်ဘေးရှောင်ထွက်သည့် ဇူလိုင်လ ၂၁ ရက်နေ့ ကတည်းက လွယ်လုံ စစ်ဆေးရေးဂိတ်တွင် PNA က ၂ ဦးတစ်တွဲ ကြိုးတုတ် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဦးဆောင် ဆိုသူကိုမူ တစ်ဦး တည်း လက်ထိပ်ခတ်ထားသည်ဟု နီးစပ်သူက ဆိုသည်။
ထို့နောက် ဦးဆောင်အား သတ်ဖြတ်ခဲ့ပြီး သတင်းဖုံးဖိ ထားခိုင်းသည့်အပြင် ကျန် ၆ ဦးကိုလည်း အောင်ဆုဗွေ စခန်းသို့ ခေါ်ဆောင်၍ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု ပုဂ္ဂိုလ်ရေးအရ လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
“သူက ပိုနှိပ်စက် ခံရတယ် တစ်ယောက်တည်းဆိုတော့။ ရက်အတိကျတော့ မမှတ်မိတော့ဘူး။ အဲ့ရက်က မှတ် မှတ်ရရ တိုက်ပွဲဖြစ်ပြီး ၄ ရက်ကြာတဲ့ရက်မှာ ဦးဆောင်က အသံမကြားလို့ စောင်ဖွင့်ကြည့်တော့ တစ်ကိုယ်လုံး က တောင့်နေပြီ။ ခေါင်းမှာလည်း ဒဏ်ရာတွေနဲ့ဆိုတော့ အဲ့ဒါနဲ့ ဆုံးတာပဲ ဖြစ်မှာပါ။”
ဖမ်းဆီးခံရသူများမှာ အသက် ၆၀ ကျော် စစ်ရှောင် ဦးဆောင်အပါအဝင်၊ အသက် ၂၀ ဝန်းကျင်အရွယ် ၅ ဦးနှင့် အသက် ၂၆ နှစ်အရွယ်တစ်ဦး ဖြစ်ပြီး နိုင်ငံရေးနှင့် သက်ဆိုင်ခြင်း မရှိသည့်အပြင် စစ်ဘေးရှောင်များနှင့် PDF များကို ကူညီထောက်ပံ့နေခြင်းမျိုးလည်း မရှိဘူးဟု နီးစပ်သူများက ဆိုကြသည်။
ကျန်သည့် လူငယ် ၆ ဦးမှာ ဩဂုတ်လ ၈ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြသော်လည်း ဖုန်း ၆ လုံးနှင့် ဆိုင်ကယ် ၄ စီးကိုမူ PNA က သိမ်းဆည်းသွားပြီး တစ်ဦးကို ကျပ်သိန်း ၂၀ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၁၂၀ ပေးဆောင်ခဲ့ရသည်။