သာယာဝတီထောင်တွင် ထောင်ပိုင်နှင့် အဆောင်မှူးတို့က အကျဉ်းသားများအပေါ် ခေါင်းပုံဖြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။
စစ်အာဏာသိမ်း ပြီးနောက် သာယာဝတီ အကျဉ်းထောင်က ထောင်ပိုင်နှင့် ထောင်အဆောင်မှူးတို့က အကျဉ်း သားများအပေါ် အာဏာ အလွှဲသုံးစားလုပ်ပြီး အကျင့်ပျက်ခြစားမှု လုပ်ရပ်များ ဆိုးဆိုးရွားရွား လုပ်နေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် (PPNM) တာဝန်ရှိသူ က ပြောသည်။
နိုင်ငံရေး အကျဉ်းသူ/သားများ အပါအဝင် အကျဉ်းသား အယောက် ၃,၀၀၀ ဝန်းကျင် အကျဉ်းချခံထားရသည့် သာယာဝတီထောင်၌ အကျဉ်းသားများအပေါ် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်သည့် လုပ်ရပ်များကို ထောင်ပိုင်နှင့် ထောင်အဆောင်မှူးတို့က လုပ်နေခြင်း ဖြစ်သည်။
ထောင်စာလာတွေ့သော ပစ္စည်းများ၊ အစားအသောက်များကို ဖြတ်ပြီးယူထားခြင်း၊ အကုန်မပေးသည့် လုပ်ရပ် များ၊ ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ခြင်း၊ အဆိုပါ အခြေအနေများမှ ကင်းလွှတ်ခွင့်ရရေး ငွေကြေး ပေးရခြင်း များ ရှိနေသည်ဟု PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
“ကွမ်းတွေကို မတန်တဆ ရောင်းတာအပြင် ထောင်ထဲမှာရှိတဲ့ စားသောက်စရာတွေပေါ့နော ဒီအစားအသောက် တွေကိုလည်း မတန်တဆဈေးနဲ့ ရောင်းချတယ်။ ပြင်ပမှာ ၂,၀၀၀ လောက်နဲ့ ဝယ်လို့ရတဲ့ ပစ္စည်းတစ်ခုကို ထောင်ထဲမှာ ၅၀၀၀ လောက်မှ ဝယ်လို့ ရတယ်ပေါ့နော်။ ပြင်ပက ပေးပို့တဲ့ မိသားစုရဲ့ ပါဆယ်တွေကို ကန့်သတ် ချက် အမျိုးမျိုး အကြောင်းပြချက် အမျိုးမျိုးနဲ့ ကန့်သတ်တယ်။ သို့သော်လည်းပဲ ထောင်ထဲမှာ အဲ့ဒီ ကန့်သတ် တဲ့ ပစ္စည်းကို သူတို့က မတန်တဆဈေးတွေနဲ့ ပြန်လည်ရောင်းချ နေတယ်ပေါ့နော။ ဒါဟာမြင်သာတဲ့ အကျဉ်း သားတွေရဲ့ ရှိနေမှုအပေါ်မှာ အလွှဲသုံးစားပြုနေတဲ့ ကိစ္စဖြစ်ပါတယ်။”
သာယာဝတီ အကျဉ်းထောင်က ထောင်ပိုင်က အကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွား ဆုံး ကျူးလွန်နေသူ ဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
“သူက ဒီလိုမျိုး အကျဉ်းထောင်တွေမှာ ဆိုးဆိုးရွားရွား လုပ်ပြလေ စစ်ကောင်စီက သူကို့ သဘောကျလေဆိုတဲ့ ရည်ရွယ်ချက်တွေ သူ့မှာရှိတာ ဖြစ်ပါတယ်။ အဲ့တော့ အခုချိန်ထိ ထောင်ပိုင် ရဲရင့်နိုင်ဟာ အကျဉ်းထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကျဉ်းထောင်တွေရဲ့ လာဘ်စားမှုတွေ၊ အကျဉ်းထောင်ထဲမှာ မတရား ဖိနှိပ် ညှင်းဆဲမှုတွေ၊ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် တစ်ခုချင်းစီတိုင်းမှာ အဓိက တာဝန်ယူရမဲ့သူ ဖြစ် တယ်။”
အာဏာသိမ်းပြီးနောက် လက်ရှိတွင် သာယာဝတီ အကျဉ်းထောင်က နာမည်ဆိုးနှင့် ကျော်ကြားသည့် ထောင်များ ထဲ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်နေသည့် ထောင်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသူ/သား များကို ဖိနှိပ်မှုနှင့် အကျဉ်းသူများအား ရိုက်နက်မှုများကိုလည်း ထောင်ပိုင်က ကျူးလွန်နေသည်။
သာယာဝတီထောင်ရှိ အမျိုးသားအဆောင် အမှတ် – ၂ က အဆောင်မှူးကလည်း အကျဉ်းသားများထံ ငွေကြေး တောင်းခံမှုများ လုပ်နေသည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
“အလားတူပဲ (၂) အဆောင်မှူးပေါ့နော ကျော်ဇင်လတ် ဆိုသူကလည်း ထောင်ထဲမှာနိုင်ငံရေး အကျဉ်းသား အပါ အဝင် အကုန်းလုံး အလုပ် လုပ်ကြရတယ်ပေါ့။ အဲ့ဒါတွေ ကို မလုပ်ချင်ဘူးဆိုရင် အဲ့ဒီမှာရှိတဲ့ အဆောင်မှူးကို ငွေ ပေးပြီးမှ အလုပ်မလုပ်ဖို့အတွက် ကာရတယ်ပေါ့နော။ လိုင်ကြေးပေးရတဲ့ သဘောမျိုးပေါ့။ အဲ့တော့ မပေးနိုင် တဲ့ သူတွေကတော့ အလုပ်လုပ်၊ ပေးနိုင်တဲ့သူတွေက အလုပ် လုပ်စရာ မလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ တစ်ဦးလျှင် တစ်သိန်းခွဲ တောင်းတယ်ပေါ့နော်။”
အလုပ်ကြမ်းများ မလုပ်ရရန်အတွက် အဆောင်မှူးက ငွေကြေးတောင်းယူနေပြီး အဆောင်မှူး အပြောင်းအလဲ လုပ်တိုင်း နောက်အဆောင်မှူးအသစ်ကိုပါ ငွေပေးဆောင်ရလေ့ရှိသည်ဟု ဆိုသည်။
ထို့အပြင် ထောင်အာဏာပိုင်၏ ခိုင်းစေမှုအရ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများ အားလုံး မှာ နွေရာသီအချိန်၌ ပဲများ နေထုတ်လှန်းရခြင်း၊ ထောင်အဆောင်မှူးများက အခြား အပြင်က အလုပ်များကို လက်ခံပြီး အကျဉ်းသားများအား ခိုင်းစေခြင်းများလည်း ရှိနေသည်။
အကျဉ်းထောင် တည်ဆောက်ရသည့် မူလရည်ရွယ်ချက်က အကျဉ်းသားများကို ကောင်းမွန်သည့် ဘဝရပ်တည် နိုင်ရေး အတွက် ယာယီ ထိန်းသိမ်းပြီး ပြုပြင်ပြောင်းလဲ ပေးသည့်နေရာ ဖြစ်သည်။
သို့သော် လက်ရှိတွင် အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသားများကို ဖိနှိပ်သည့် ယန္တရားတစ်ခုအနေဖြင့် တည်ဆောက်ထားသည့်အပြင် အကျဉ်းသားများကို ပေးပို့လာသော ထောင်ဝင်စာများနှင့် ပါဆယ်ငွေများကိုပါ ထောင်အာဏာပိုင်များက ၎င်းတို့၏ အကျိုးစီးပွားအတွက် မတရား ဂုတ်သွေးစုပ် စီးပွားရှာသည့် နေရာအဖြစ် ဖန်တီးနေကြသည်ဟု PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦး က သုံးသပ်ပြောဆိုသည်။
ဓါတ်ပုံ – Crd (ပုံဟောင်း)