ပိုင်နက်ကျူးကျော်သည့် ဘင်္ဂလားဒေ့ရှ်ရေလုပ်သားအချို့ကို AA ဆက်တိုက်ဖမ်းမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ပင်လယ်ပြင်အတွင်း အာရက္ခတပ်တော် (AA) က နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် ရခိုင်ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ် သားများကို မကြာခဏ ဖမ်းဆီးရမိနေကြောင်း ဒေသခံများနှင့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ရခိုင်ဒေသတွင်း နိုင်ငံရေးနှင့် စစ်ရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့သည် ရခိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ကာ ငါးဖမ်းဆီးမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၂၈ ရက် နေ့လယ်ပိုင်းက မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာနှင့် ဂြင်းတောကျေးရွာအကြား ပင်လယ်ပြင်တွင် သံသယဖြစ်ဖွယ် မောင်းနှင်နေသည့် စက်လှေတစ်စီးကို အာရက္ခကမ်းခြေစောင့် လုံခြုံရေး တပ်ဖွဲ့က စစ်ဆေးရန် ကြိုးပမ်းစဉ် မောင်းနှင်ထွက်ပြေးခဲ့သည်။
မောင်းနှင်ထွက်ပြေးသွားသည့် စက်လှေအား လိုက်လံဖမ်းဆီးခဲ့ရာ ဂြင်းတောချောင်းဝ အနောက်တောင်ဘက် ၂ ဒသမ ၇ ကီလိုမီတာအကွာတွင် ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
မောင်တောဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့ သိရသလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ၂၀၂၄ ခုနှစ်လောက်ကတည်းက ရခိုင်ပင်လယ်ထဲကို အများအပြား ခိုးဝင်ပြီး ငါးဖမ်းလာကြတာ။ အရင်က နိုင်ငံရေး သိပ်မတည်ငြိမ်တော့ ပင်လယ်ပြင်စိုးမိုးရေးကို အေအေက သိပ်အလေးမထားနိုင်ခဲ့ဘူး။ အခုတော့ အေအေက တော်တော်လေး စိုးမိုးပြီး လုပ်လာနိုင်တယ်။ ဖမ်းမိရင်လည်း တရားဝင် ဘင်္ဂလားဒေ့ရှ်အစိုးရဆီ လွှဲပေးတယ်၊ သူတို့ဘက်ကလည်း လက်ခံယူတယ်။ အဲဒီလိုအဆင့်နဲ့ သွားနေတာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့ကလည်း အာရက္ခရေပိုင်နက်အတွင်း တရားမဝင်ဝင်ရောက်ကာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့သေးသည်။
လက်ရှိ ဖမ်းဆီးရမိထားသည့် ရေလုပ်သားများနှင့် စက်လှေများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ဆိုသည်။
အဆိုပါ မောင်တော်ဒေသခံ အမျိုးသားက“ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ရေလုပ်သားတွေအနေနဲ့ ဒါဟာ နယ်မြေကျူးကျော်တာပဲဖြစ်လို့ ဒီထက်ပိုတိကျတဲ့ ရေပိုင်နက်ကာကွယ်ရေး၊ ရေကြောင်းကာကွယ်ရေးကို တိတိကျကျ ဆောင်ရွက်ဖို့ လိုလာတယ်” ဟု ဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ၂၀၂၄ ခုနှစ်မှစတင်ကာ မောင်တောမြို့နယ်အတွင်းရှိ ဥဒေါင်း၊ မြင်းလွှတ်နှင့် ကျောက်ပန္ဒူကျေးရွာအနီး ပင်လယ်ပြင်နှင့် ကမ်းစပ်များသို့ နေ့စဉ်ရက်ဆက် ခိုးဝင်ငါးဖမ်းနေကြခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။
လက်ရှိအချိန်အထိ အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ဘင်္ဂလားဒေ့ရှ်ရေလုပ်သား အရေအတွက်မှာ ၅၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံ များက ပြောသည်။