ဖားကန့်မြေစာပုံပြိုမှု ရေမဆေးသမား ၅ လောင်းတွေ့၊ ၂၀ နီးပါး ပျောက်ဆုံးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။
ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းမြေတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေသည့်ကြားမှ မြေစာပုံနှင့် ကမ်းပါးများ ရုတ်တရက်ပြိုကျခဲ့သဖြင့် ရေမဆေးသမား ၅ ဦး သေဆုံးကာ အများ အပြား မျောပါပျောက်ဆုံးနေကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးရှိ ‘သုံးသိန်းမှော်’ ကျောက်စိမ်း လုပ် ကွက်ဟောင်း စွန့်ပစ်မြေစာပုံတွင် ဇွန် ၂၈ ရက်နေ့၊ နံနက် ၁ နာရီဝန်းကျင်က ရေမဆေးသမားများ ကျောက်ရှာ ဖွေနေစဉ် မိုးရေစိမ့်ဝင်ပြီး မြေကျွံကာ ရုတ်တရက် ပြိုကျခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြေပြိုမှုကြောင့် မြေစာပိပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည့် ရေမဆေးသမား ၅ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်သည်။
၎င်းတို့မှာ ကိုစိုးအောင်သိန်း အသက် (၂၉ နှစ်)၊ ကိုဝင်းဆန်း အသက် (၃၂ နှစ်)၊ ကိုဇော်နိုင်လင်း အသက် (၃၅ နှစ်)၊ ဦးမောင်မောင်ဆန်း အသက် (၄၇ နှစ်) နှင့် ကိုမျိုးလင်းဌေး အသက် (၂၄ နှစ်) တို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ ဒေသတွင်း ပရဟိတအသင်းများက မီးသင်္ဂြိုဟ်ပေးခဲ့ရသည်။
ဖားကန့် ဒေသခံတစ်ဦးက “အခု ဘက်ဟိုးတွေ၊ လူအင်အားတွေနဲ့ ရှာနေပေမယ့် ၅ လောင်းပဲ တွေ့သေးတယ်။ ကျန်တဲ့သူတွေကတော့ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိသလောက်ပါပဲ” ဟု ပြောသည်။
လတ်တလောတွင် ဒေသအာဏာပိုင်များထံ လူပျောက်တိုင်ကြားထားသည့် စာရင်းမှာ ၆ ဦးသာ ရှိသော်လည်း မြေပြင်တွင် အမှန်တကယ် ပျောက်ဆုံးနေသူ အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု ဆိုကြသည်။
ကူညီကယ်ဆယ်ရေး လုပ်နေသည့် ဒေသခံတစ်ဦးက “မိုးကလည်း တော်တော် ရွာနေတာ။ ပြောရမယ်ဆိုရင် တော့ ဝမ်းရေးကလည်း ခက်ခဲတော့ မြေစာပုံတွေ ကျွံနေတာသိရက်နဲ့ ညဘက်ကြီး ဆင်းရှာကြတာ။ အဲဒီ အချိန်မှာ အပေါ်က မြေစာပုံကြီးက ဝုန်းကနဲ ပြိုကျလာတာပဲ။ မျက်မြင်တွေ့တဲ့ သူတွေ ပြောသလောက်ဆိုရင် လူအယောက် ၂၀ နီးပါးလောက်အထိ မြေနွံတွေထဲ မျောပါသွားကြတာ” ဟု ပြောသည်။
လက်ရှိတွင် ဖားကန့်ဒေသ၌ မိုးကြီးမှုကြောင့် နမ့်မှော်ကျေးရွာအပါအဝင် ရပ်ကွက် ၄ ခုထက်မနည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ သတ္တုတူးဖော်ရေး လုပ်ကွက်ဟောင်းများမှ နွံကန်များပါ ပြိုကျပျက်စီးကာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့နေရသည်။
စက်ယန္တရားကြီးများဖြင့် စနစ်တကျမရှိဘဲ တရားလွန်တူးဖော်မှုများ ပြုလုပ်နေသည့် ဖားကန့်ဒေသတွင် နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများ အမြဲလိုလို ဖြစ်ပွားလေ့ရှိကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ကုဋေမှော်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျ၍ ရေမဆေးသမား အချို့ သေဆုံးခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။
မိုးလေဝသ ခန့်မှန်းချက်များအရ ကချင်ပြည်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ရေဘေးနှင့် မြေပြိုမှုအန္တရာယ်များကို အထူးသတိပြုကြ ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သတိပေးချက် ထုတ်ပြန်ထားသည်။