စစ်ကိုင်း တလိုင်းရွာ ဗုံးကြဲမှု၊ ကလေးငယ်များအပါအဝင် ၈ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ တလိုင်း (ထီးလှိုင်)ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၈ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်တွင် တံတားဦးလေတပ်စခန်းမှ တက်လာသည့် စစ်တပ် ဂျက်တိုက် လေယာဉ်တစ်စီးသည် တလိုင်းကျေးရွာအရှေ့ဖျားရှိ လူနေအိမ်များနှင့် ကွမ်းယာဆိုင်များပေါ်သို့ ၅ မိနစ်အတွင်း ဖျက်အားပြင်းဗုံး ၂ လုံး ကြဲချခဲ့သည့်အပြင် စက်လတ်များ၊ ရော့ကတ်များဖြင့် ၄ ကြိမ်ထက်မနည်း လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ရွာခံမိသားစုဝင်များနှင့် ကလေးငယ်များ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးကတိုက်ပွဲလည်း ဖြစ်နေတာမဟုတ်ဘူး။ ဘာသံမှ မကြား ရဘဲ ဝုန်းကနဲ လေယာဉ်ပေါ်လာပြီး ဗုံးတွေရော၊ စက်သေနတ်တွေရော တရစပ် ကြဲချပစ်ခတ်သွားတာ။ ကလေးတွေကအစ ထိပြီး သေကုန်ကြတယ်။ ရွာအရှေ့ခြမ်းက ကွမ်းယာဆိုင်နဲ့ အိမ်တွေဆို ပြာကျသွားတာပဲ။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ၊ တချို့ဆို သေမလား ရှင်မလား မသိရသေးဘူးဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူများမှာ မောင်နှမများဖြစ်ကြသည့် မဂျူးဂျူး အသက် (၆ နှစ်)၊ မောင်ဟန်လင်းထက် အသက် (၁၄ နှစ်) နှင့် အခြားမိသားစုမှ အသက် ၈ နှစ်အရွယ် သားငယ်တစ်ဦး၊ အသက် ၅ နှစ်အရွယ် သမီးငယ် တစ်ဦးတို့ ဖြစ်ကြသည်။ 

ထို့ပြင် ကိုနိုးနိုး (၂၀ နှစ်)၊ မသန်းသန်းစိုး (၄၀ နှစ်)၊ ဒေါ်သင်း (၅၀ နှစ်) နှင့် ဒေါ်ဝင်း (၅၂ နှစ်) တို့ ဖြစ်ကြောင်း မြေပြင်သတင်းအဖွဲ့အစည်းများက အတည်ပြုသည်။  

လေကြောင်းဗုံးကြဲမှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားခဲ့သည်။

စစ်ကိုင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း စစ်တပ်၏ ယခုလုပ်ရပ်သည် စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားများကို သတ်ဖြတ်ခြင်းသာဖြစ်ကြောင်း ရှုံ့ချပြောဆိုသည်။

Wetlet Informational Network ရဲ့ တာဝန်ခံက ဒီလေကြောင်းတိုက်ခိုက်မှုက တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ အကြောင်းမဲ့သက်သက် ပြည်သူတွေ နေထိုင်နေတဲ့ အိမ်တွေပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ဘာတိုက်ပွဲမှကို မရှိဘူး။ လူထုကို ရန်သူလို သတ်မှတ်ပြီး အကြောင်းမဲ့ လေကြောင်းနဲ့ တိုက်ခိုက်တာမျိုး ဖြစ်ပါတယ် ဟု ပြောသည်။

စစ်တပ်သည် ဇွန် ၂၈ ရက်နေ့ တစ်ရက်တည်းမှာပင် စစ်ကိုင်း၊ ဝက်လက်နှင့် မတ္တရာမြို့နယ်အစပ် ဧရာဝတီမြစ် ဘေးရှိ စဉ့်ကိုင်၊ ရေလယ်ကျွန်းနှင့် မိုးကြိုးရွာများကိုလည်း Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းမှ ဆက်တိုက် ပစ်ခတ်ခဲ့သဖြင့် ဒေသခံလင်မယား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သေးသည်။

ယခုလပိုင်းအတွင်း စစ်ကိုင်း၊ ဝက်လက်နှင့် မတ္တရာမြို့နယ်အစပ်များတွင် စစ်တပ်က မြေပြင်စစ်ကြောင်း ထိုး ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသော်လည်း ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများအပြင် လက်နက်ကြီးများနှင့် စစ်သင်္ဘောများအသုံးပြုကာ အကြောင်းမဲ့ ပစ်မှတ်ထားတိုက်ခိုက်မှု များ ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေး တိုက်တွန်းထားသည်။