ဂျပန်တွင် ၅ နှစ်အတွင်း လူဦးရေ ၃ သန်းကျော် စံချိန်တင်ကျဆင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
ဂျပန်နိုင်ငံ၏ လူဦးရေသည် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း ၃ သန်းကျော်အထိ လျင်မြန်စွာ လျော့နည်းကျဆင်းသွားခဲ့ကြောင်း သောကြာနေ့က ထုတ်ပြန်သည့် အစိုးရ၏ တရားဝင်သန်းခေါင်စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းသည် ဂျပန်နိုင်ငံ၌ ၁၉၂၀ ပြည့်နှစ်တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ချိန်မှစ၍ သမိုင်းတစ်လျှောက် အမြင့်မားဆုံး လူဦးရေကျဆင်းမှု စံချိန် ဖြစ်သည်။
အတည်မပြုရသေးသည့် သန်းခေါင်စာရင်းရလဒ်များအရ ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ လူဦးရေ ၁၂၆.၁ သန်း ရှိခဲ့ရာမှ လွန်ခဲ့သည့်နှစ်တွင် ၁၂၃ သန်းအထိ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူဦးရေပမာဏသည် ၁၉၈၉ ခုနှစ်က ဂျပန်နိုင်ငံ၏ လူဦးရေအတိုင်း ပြန်လည်ရောက်ရှိ သွားခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၏ လူဦးရေသည် ၂၀၀၈ ခုနှစ်တွင် သန်း ၁၂၈ သန်းဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ဖူးပြီး လာမည့် ၂၀၇၀ ပြည့်နှစ်တွင် ၈၇ သန်းအထိ ဆက်လက်ထိုးဆင်းသွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။
ဂျပန်အစိုးရသည် ကလေးမွေးဖွားနှုန်း မြင့်တက်လာစေရန် လူငယ်များအား ဆယ်စုနှစ်နှင့်ချီ၍ မက်လုံးပေး တွန်းအားပေးခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။
လက်ရှိတွင် ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် ကမ္ဘာ့အနိမ့်ဆုံးစာရင်းတွင် ပါဝင်နေပြီး မွေးဖွားသူ ၁ ဦးရှိတိုင်း သေဆုံးသူ ၂ ဦးနှုန်းအထိ ဖြစ်ပေါ်နေသည်။
လူဦးရေ လျင်မြန်စွာ ကျဆင်းလာမှုသည် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် လုပ်သားအင်အား လိုအပ်ချက်တို့အပေါ် ကြီးမားစွာ ရိုက်ခတ်လျက်ရှိသည်။
သန်းခေါင်စာရင်း အချက်အလက်များအရ ဂျပန်နိုင်ငံရှိ စီရင်စု ၄၇ ခုအနက် ၄၅ ခုတွင် လူဦးရေကျဆင်းမှုများနှင့် ရင်ဆိုင်နေရသည်။
လူငယ်အများစုသည် အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းများအတွက် တိုကျို၊ အိုဆာကာနှင့် နာဂိုယာ စသည့် မြို့ကြီးများသို့ ပြောင်းရွှေ့အခြေချလာကြသည်။
ထို့ကြောင့် ကျေးလက်ဒေသများတွင် လူဦးရေအိုမင်းရင့်သော်လာပြီး စွန့်ပစ်ထားသည့် အိမ်ခြေပေါင်း သန်းနှင့်ချီ ရှိလာကာ စာသင်ကျောင်းများကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများအဖြစ် ပြောင်းလဲခြင်း၊ ရထားလမ်းပိုင်းများ ပိတ်သိမ်းခြင်းနှင့် ဆေးရုံများကို လျှော့ချခြင်းများ လုပ်ဆောင်နေရသည်။
ဂျပန်မြောက်ပိုင်းရှိ အာကီတာ (Akita) နှင့် အာအိုမိုရီ (Aomori) စီရင်စုများတွင် ပြင်းထန်သော ဆောင်းရာသီ ရာသီဥတုနှင့် လုပ်ခလစာ နိမ့်ပါးမှုများကြောင့် ၅ နှစ်အတွင်း လူဦးရေ ၈ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ လျော့ကျနေသော်လည်း မြို့တော်တိုကျိုနှင့် ပတ်ဝန်းကျင်စီရင်စုများ (ခါနာဂါဝါ၊ ဆိုင်တာမာ၊ ချီဘား) အပါအဝင် တိုကျိုမြို့ပြဧရိယာ (Tokyo Metropolitan Area) ၏ လူဦးရေမှာ ၂၀၂၅ ခုနှစ်တွင် ၃၇ သန်းအထိ အနည်းငယ် တိုးတက်လာခဲ့သည်။
၎င်းသည် ဂျပန်တစ်နိုင်ငံလုံး လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့် ရှိပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံး မြို့ကြီးများအနက် တစ်ခု ဖြစ်လာသည်။
အခြားခြွင်းချက်တစ်ခုမှာ တောင်ပိုင်းရှိ အိုကီနာဝါ (Okinawa) ကျွန်းစုဖြစ်ပြီး ကလေးမွေးဖွားနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် ပျမ်းမျှ ၁.၅ ဦးရှိသဖြင့် တစ်နိုင်ငံလုံး ပျမ်းမျှနှုန်း ၁.၁ ထက် မြင့်မားနေကာ လူဦးရေအနည်းငယ် တိုးတက်နေသည့် တစ်ခုတည်းသော ဒေသဖြစ်သည်။
ပရင်စတန်တက္ကသိုလ်မှ လူမှုဗေဒပညာရှင် ပါမောက္ခ ဂျိမ်းစ်ရေးမိုး (James Raymo) က “ဂျပန်နိုင်ငံ၏ လူဦးရေကျဆင်းမှု အခြေအနေသည် ရေတို သို့မဟုတ် ရေလတ်ကာလတွင် ပုံမှန်နည်းလမ်းများဖြင့် ပြန်လည်ကုစား၍ မရနိုင်တော့သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပြည်ပမှ ရွှေ့ပြောင်းအခြေချသူများကို အလုံးအရင်းဖြင့် လက်ခံခြင်းမပြုဘဲ ဤအခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ပါ” ဟု သုံးသပ်ထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
သို့သော်လည်း ဂျပန်အစိုးရသည် ပြည်ပရွှေ့ပြောင်းအခြေချသူများ လက်ခံရေးအပေါ် ကာလရှည်ကြာ သတိထား ကိုင်တွယ်လျက်ရှိပြီး ဒေသတွင်း အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားများကလည်း “Japan First” (ဂျပန်လူမျိုးဦးစားပေး) ဝါဒကို ဆက်လက်ဆုပ်ကိုင်ထားကြသည်။
ဂျပန်နိုင်ငံ ရင်ဆိုင်နေရသည့် အဆိုပါ လူဦးရေအကျပ်အတည်းသည် နောင်လာမည့် ဆယ်စုနှစ်များတွင် ပိုမိုဆိုးရွားလာနိုင်ပြီး စာသင်ကျောင်းများ၊ ဆေးရုံများ၊ ရဲတပ်ဖွဲ့များနှင့် ရထားဘူတာများတွင် လုပ်သားရှားပါးမှုဒဏ်ကို ပြင်းထန်စွာ ခံရနိုင်သည့်အပြင်၊ အာရှနှင့် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများအတွက်လည်း ရှေ့ပြေးသင်ခန်းစာတစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင်များက ထောက်ပြထားကြသည်။