အမေရိကန်မှာ ဒရင်ကောက်ညွန့် ခိုးခူးလို့ လူ ၃ ဦး အဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
နယူးယောက်ပြည်နယ်ရဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအရာရှိတွေဆီကို “ချောင်းထဲမှာ လူသုံးယောက် တရားမဝင် ငါးခိုးဖမ်းနေပါတယ်” ဆိုတဲ့ တိုင်ကြားချက်တစ်ခု ရောက်လာခဲ့ပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ အဲဒီလူ သုံးယောက်ဟာ ရေတွေစိုရွှဲပြီး တောက်တောက်တောက်တောက် ကျနေတဲ့ အမည်းရောင် အမှိုက်အိတ်ကြီးတွေကို သယ်ပြီး ကားနောက်ဖုံးထဲ ထည့်လိုက်၊ ပြီးရင် ချောင်းထဲကို ပြန်သွားလိုက် လုပ်နေတာကို သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ရတာပါ။
အဖြစ်အပျက်ကတော့ မေလ ၂၆ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။
သတင်းရရချင်းမှာပဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိတွေ ဖြစ်ကြတဲ့ (Steven Bartoszewski) နဲ့ (Jason Maxwell) တို့ဟာ ကားရပ်နားရာနေရာကို ရောက်ရှိလာပြီး မှန်ပြောင်းနဲ့ လှမ်းကြည့်ကာ စောင့်ကြည့်ခဲ့ကြပါတယ်။
အဲဒီအခါမှာတော့ လူသုံးယောက်ဟာ ချောင်းဘေးက မြေပြင်ပေါ်ကနေ တစ်ခုခုကို အသည်းအသန် လိုက်လံခူးဆွတ်နေတာကို ကွင်းကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရပါတယ်။
တကယ်တမ်း ဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါမှာတော့ သူတို့ခိုးနေတာဟာ ငါး မဟုတ်ဘဲ နယူးယောက်ပြည်နယ်က ဥပဒေအရ အထူးကာကွယ်စောင့်ရှောက်ထားတဲ့ “ဖစ်ဒယ်ဟတ်ဒ် (Fiddlehead)” လို့ခေါ်တဲ့ ဒရင်ကောက် ညွန့်လို့ အပင်ညွန့် တွေ ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
သူတို့ သုံးယောက်ဟာ ပုဂ္ဂလိကပိုင်မြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခူးဆွတ်ခဲ့သလို၊ စီးပွားဖြစ်ခူးခွင့်လိုင်စင်လည်း မရှိကြပါဘူး။
ဒါ့အပြင် အရာရှိတွေက သူတို့ခိုးခူးလာတဲ့ အိတ်တွေကို ဖွင့်လှစ်ရေတွက်လိုက်တဲ့အခါမှာတော့ အပင်ညွန့်ပေါင်း ၁၀,၀၀၀ (တစ်သောင်း) နီးပါး တောင် ရှိနေလို့ အရာရှိတွေ ကိုယ်တိုင် အံ့ဩသွားခဲ့ကြရပါတယ်။
ဒီ “Fiddlehead” ဆိုတာ မြန်မာပြည်က ကညွတ်ညွန့် သို့မဟုတ် ဒရင်ကောက်ညွန့် လို့ (Fern/မှော်ပင်မျိုးနွယ်) တွေရဲ့ အဖျားပိုင်း လိပ်ခွေနေတဲ့ အညွန့်နုလေးတွေနဲ့ တူပါတယ်။
ဒါဟာ မြောက်အမေရိကတိုက်က ဌာနေတိုင်းရင်းသားတွေနဲ့ ရှေးဦးဥရောပ အခြေချသူတွေ နွေဦးပေါက်ရာသီမှာ ရိုးရာအစားအစာအဖြစ် အမြတ်တနိုး ခူးဆွတ်စားသောက်လေ့ရှိတဲ့ သဘာဝပေါက်ပင် ဖြစ်ပါတယ်။
အလွန်အရသာရှိပြီး နွေဦးရာသီ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ လတ်လတ်ဆတ်ဆတ် ရနိုင်တာမို့ ဈေးကွက်ထဲမှာ အလွန်ဈေးကြီးပါတယ်။
အမေရိကန်မှာတော့ ဒါကို ပြုတ်ပြီး၊ ဒါမှမဟုတ် ဆီသတ်ပြီး ထောပတ်၊ ကြက်သွန်ဖြူ၊ ရှာလကာရည်တို့နဲ့ တွဲဖက်ကာ ကောင်းကောင်းမွန်မွန် ချက်ပြုတ်စားသောက်ကြပါတယ်။
ဒီအပင်တွေဟာ သဘာဝအတိုင်း ပေါက်ပွားဖို့ အချိန်အများကြီးယူရပြီး အလွယ်တကူ မျိုးတုံးပျက်စီးလွယ်တာကြောင့် နယူးယောက်ပြည်နယ်ရဲ့ ဥပဒေအရ နိုင်ငံပိုင်တောရိုင်းမြေတွေပေါ်မှာ လုံးဝ (လုံးဝ) ခူးခွင့်မရှိပါဘူး။
ပုဂ္ဂလိကမြေပေါ်မှာ ခူးချင်ရင်တောင် မြေပိုင်ရှင်ရဲ့ တရားဝင်ခွင့်ပြုချက် မရှိမဖြစ် လိုအပ်တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ လူ ၃ ဦးဟာ ဘာ လူမျိုးတွေ ဖြစ်တယ်ဆိုတာကိုတော့ ရဲတွေက ထုတ်ဖော်မပြောပါဘူး။
ဒါပေမယ့် ဒီပြစ်မှု ကျူးလွန်သူတွေဟာ ဒီအညွန့်တွေ ဈေးကောင်းရမှန်း သိလို့ ခိုးယူတဲ့ စီးပွားရေး မသမာသူတွေ ဒါမှမဟုတ် သူတို့ အရပ်ဒေသမှာ ဒရင်ကောက် ညွန့်တွေ ခူးစားလေ့ရှိတဲ့ အာရှနွယ်ဖွားတွေ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။