လမ်းပိတ်ဆို့မှုကြောင့် ကချင်ပြည်သို့ ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ဒေသအချို့တွင် စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွားလာပြီးနောက် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီး ရက်ရှည်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ကချင်ပြည်အတွင်းသို့ ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ဝန်းကျင်မှ စတင်ကာ နဘား-ကသာ လမ်းပိုင်းနှင့် မဲဇာ-နန့်သဲ-အင်းတော် ကွင်းလမ်း ပိုင်းတို့တွင် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ကားရာပေါင်းများစွာ ပိတ်မိနေခဲ့ရာ ယနေ့အထိ တစ်ပတ်နီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။
ထိုသို့ လမ်းပိုင်းများ ရက်ရှည်ပိတ်ဆို့နေခြင်းကြောင့် အချိန်မီ မပို့ဆောင်နိုင်သည့် အသားငါးနှင့် ဟင်းသီး ဟင်းရွက်ကဲ့သို့ ပျက်စီးလွယ်သော စားသောက်ကုန်များမှာ လမ်းပေါ်တွင်ပင် ပုပ်သိုးကုန်သဖြင့် ကုန်သည်များနှင့် ကားသမားများ ငွေကြေးအရင်းအနှီး အမြောက်အမြား ဆုံးရှုံးနေရသည်။
လမ်းပေါ်တွင် ပိတ်မိနေသည့် ကားသမားတစ်ဦးက “ခရီးသွားပြည်သူတွေလည်း လမ်းမှာ ရက်ရှည်ပိတ်မိပြီး အခက်အခဲမျိုးစုံ ကြုံနေရပါတယ်။ ကုန်ကားတွေပေါ်က ပျက်စီးလွယ်တဲ့ ကုန်ပစ္စည်းတွေလည်း ပုပ်သိုး ဆုံးရှုံး ကုန်သလို ကုန်သည်တွေလည်း ရင်းနှီးမြှုပ်နှံထားတဲ့ ငွေအရင်းအနှီးတွေ ဆုံးရှုံးနေကြပါတယ်” ဟု ပြောသည်။
ထို့ပြင် လမ်းပေါ်တွင် ရက်ရှည်ရပ်နားထားရသည့် ကုန်တင်ကားများမှာ လောင်စာဆီစရိတ်၊ စားသောက်စရိတ် နှင့် အခြားအထွေထွေ အသုံးစရိတ်များ ပိုမိုကုန်ကျလာသဖြင့် ကားသမားများအတွက် ရေရှည်တွင် ပိုမိုကျပ်တည်း လာနိုင်သည်။
မန္တလေး – မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးသည် မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်၊ ရွှေကူနှင့် ဗန်းမော် ဒေသများသို့ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းနှင့် စက်သုံးဆီများကို သယ်ယူ ပို့ဆောင်ပေးနေသည့် ကချင်ပြည်၏ အဓိက အသက်သွေးကြော လမ်းမကြီးဖြစ်သည်။
ယခုကဲ့သို့ လမ်းပိုင်းပိတ်ဆို့မှု ကြာမြင့်လာသည်နှင့်အမျှ ကချင်ပြည်အတွင်းရှိ ဒေသခံစီးပွားရေး လုပ်ငန်းများနှင့် ကုန်ဈေးနှုန်းများအပေါ် ရိုက်ခတ်မှု ကြီးမားလာနိုင်ကြောင်း ကုန်သည်များက စိုးရိမ်နေကြသည်။
လက်ရှိ လမ်းပိတ်ဆို့မှုများသည် အင်းတော်၊ နဘား၊ ကသာနှင့် ရွှေကူဒေသများတွင် ဖြစ်ပွားနေသည့် စစ်ရေး အခြေအနေများနှင့် တိုက်ရိုက်ဆက်စပ်နေပြီး၊ ကသာ-ထီးချိုင့် လမ်းပိုင်းတွင်လည်း လမ်းအချို့ ဖျက်ဆီးခံထားရ ကြောင်း ဒေသခံများက ဆိုသည်။
သို့သော် အဆိုပါ လမ်းပိုင်းများကို မည်သည့်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လက်ရှိအချိန်အထိ လမ်းပိုင်းများ ပြန်လည်ပွင့်မည့်ရက်ကို အတိအကျ မသိရသေးသဖြင့် ကုန်သည်များနှင့် ယာဉ်လိုင်းများမှာ အခြေအနေကို ဆက်လက်စောင့်ကြည့်နေရပြီး ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်လာရန်သာ မျှော်လင့်နေကြသည်။