ဖားကန့် မြေစာပုံပြိုကျ၊ ရေမဆေးသမား ၂ ဦး ထပ်မံသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းဒေသတွင် မနေ့က မြေစာပုံပြိုကျမှုကြောင့် အသက်နှင့်ရင်းပြီး ကျောက် ရှာဖွေနေသော ရွှေ့ပြောင်းရေမဆေးသမား နှစ်ဦး ထပ်မံသေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်သည် ဝမ်းစာအတွက် အသက်စွန့်နေရသည့် ဖားကန့်ဒေသ၏ ဘဝများကို မီးမောင်းထိုးပြနေသည်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ ညနေ ၄ နာရီခန့်က ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာရှိ ကုမ္ပဏီပိုင် မြေစာပုံဟောင်း လုပ်ကွက်တစ်ခုမှာ ရေမဆေးကျောက်ရှာဖွေနေစဥ် မြေစာပုံ ရုတ်တရက် ပြိုကျကာ အမျိုးသားနှစ်ဦး မြေအောက်သို့ ပါသွားခဲ့ခြင်းဖြစ်သည်။

ချက်ချင်း ကယ်ဆယ်ခဲ့သော်လည်း ပါသွားသည့် အမျိုးသားနှစ်ဦးလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံတွေ က ပြောသည်။

သေဆုံးသူနှစ်ဦးမှာ ဒေသခံများမဟုတ်ဘဲ ဝမ်းရေးအတွက် ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများ ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် အမျိုးသားငယ်လေး တစ်ဦးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။