မော်လိုက်-ကလေးထောင်၌ ဆေးကုသခွင့်အတွက် လာဘ်ငွေ သိန်း ၂၀ အထိ တောင်းခံနေဟု PPNM ပြော
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
စစ်ကိုင်းတိုင်း၊ မော်လိုက် – ကလေးအကျဉ်းထောင်မှ ထောင်အာဏာပိုင်များသည် အကျဉ်းသားများ၏ အရေး ပေါ် ဆေးကုသခွင့်ကို လာဘ်ငွေတောင်းယူပြီးမှ ခွင့်ပြုပေးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ဖော် ပြောကြားလိုက်သည်။
အကျဉ်းသားများသည် ပြင်ပဆေးကုသခွင့်ရရန် ထောင်အရာရှိများကို တစ်ကြိမ်လျှင် ကျပ် ၅ သိန်းမှ ကျပ်သိန်း ၂၀ ကြား ပေးနေရပြီး၊ ထောင်အာဏာပိုင်များက ၎င်းတို့၏ ကိုယ်ပိုင်အပျော်အပါး KTV ဖိုးကိုပါ တောင်းဆို သည်ဟု PPNM က ဆိုသည်။
PPNM ၏ ထုတ်ပြန်ချက်အရ အရေးပေါ်လူနာများ ပြင်ပဆေးကုသခွင့်ရရန် ထောင်ပိုင်ကြီးနှင့် အရာရှိတချို့ကို လာဘ်ငွေပေးမှသာ ခွင့်ပြုပေးနေခြင်းဖြစ်သည်။
ဆေးဝါးကုသခွင့် ထိန်းချုပ်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားတချို့သည် မသန်စွမ်းဖြစ်သွားရသည့်အထိ ဆိုးရွားသော အခြေအနေများ ရင်ဆိုင်နေရသည်။
PPNM စာရင်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆေးကုသမှု မရရှိခြင်းကြောင့် နိုင်ငံရေး အကျဉ်းသား ၂၈ ဦးအထိ ကျဆုံးခဲ့ပြီး ဖြစ်သည်။