ဗန်းမော်တွင် တိုက်ပွဲများ ထပ်မံ ပြင်းထန်၊ ကချင်ပြည် မြို့နယ် အချို့တွင် စစ်ရေး တင်းမာမှုများ ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ?ဇန္နဝါရီလ ၁၅ ရက်။ 

ကချင်ပြည်၊ ဗန်းမော်မြို့တွင် တိုက်ပွဲ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ဖားကန့်၊ တနိုင်းနှင့် ပူတာအိုတို့ တွင်လည်း စစ်ကော်မရှင်တပ်၏ စစ်ရှေးလှုပ်ရှားမှုများကြောင့် စစ်ရေးတင်းမာမှု ရှိနေသည်ဟု ကချင်လွတ်လပ် ရေးတပ်မတော် KIO/KIA က ပြောသည်။

လက်ရှိ ဗန်းမော်မြို့တွင် တိုက်ပွဲ နေ့တိုင်းဖြစ်ပွားနေသည်ဟု KIO/KIA က ပြောသည်။

ဗန်းမော်မြို့တွင် ဇန္နဝါရီလ ၁၄ ရက်နေ့ (ယမန်နေ့) က တိုက်ပွဲ ပိုမိုပြင်းထန်ခဲ့သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်ဖက်ကတော့ တိုက်ပွဲကတော့ နေ့တိုင်းရှိတယ်။ ဟို ၁၄ ရက်နေ့မှာတော့ ဗန်းမော် သုံးမိုင် လေးမိုင် ငါးမိုင် ပတ်ဝန်းကျင်ပေါ့။ အဲဒီနေရာမှာ တိုက်ပွဲကတော့ အနည်းငယ် ပိုပြင်းထန်တာရှိ ပါ တယ်။ ကျန်တဲ့နေရာမှာတော့ ပုံမှန်အနေအထားပါခင်ဗျား။ မနေ့က ပိုပြီးတော့ နည်းနည်းပြင်းထန်တယ်ဟု ပြောသည်။

ယမန်နေ့က ဗန်းမော်တိုက်ပွဲတွင် ဗန်းမော်အခြေစိုက် စစ်ကော်မရှင်တပ်၏ ထောက်ပံ့ရေးတပ် ထပရ (၉၃၃) တပ်ရင်းအဝင် ခြေကုတ်စခန်းကို KIO/KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထားသည်ဟု မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိသည့် အခြေအနေ အသေးစိတ်ကို မသိရသေးဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ဗန်းမော်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသော်လည်း ဝိုင်းမော်မြို့နယ်နှင့် ဆွမ်ဘရာဘွမ်မြို့နယ်ထဲတွင် ယခု တစ်ပတ်အတွင်း တိုက်ပွဲဖြစ် ပွားမှုမရှိဘဲ စစ်ရေး အခြေအနေမှာ ငြိမ်သက်နေသည်ဟု KIO/KIA ကပြောသည်။

သို့သော် ကချင်ပြည်ရှိ ဖားကန့်၊ တနိုင်း၊ ပူတာအိုမြို့နယ်များတွင်မူ တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း စစ်ကော်မရှင်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် စစ်ရေးတင်မာမှုများ ရှိနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက ပူတာအိုဖက်မှာတော့ စစ်အင်အားတွေ ထိုးထားတာလောက် တော့ရှိပါတယ်။ ပိုပြီးတော့မှ တိုက်ပွဲ ပြင်းထန်တာတော့မရှိဘူး။ လောလောဆယ် နည်းနည်းဆက်ဖြစ်တာတော့ ဗန်းမော်ဖက်မှာပဲ။ ကျန်တဲ့နေရာမှာ ဘာမဖြစ်ဘူး။ ဒီတစ်ပတ်အတောအတွင်းပေါ့လေနော်။ တနိုင်းဖက်က ကျနော်တို့ တပ်ရင်း ၁၄ ဖက်မှာ ရွှေမှော် တို့ ပယင်းမှော်တို့မှာ ဖြစ်ပါတယ်။ အဲဒီမှာ သိပ်တော့ တိုက်ပွဲကြီးကတော့ မဖြစ်ဘူး။ ဒါပေမယ့် သူတို့တွေက လည်း လှုပ်ရှားမှုတွေက ရှိတယ်။ ဒရုန်းနဲ့ လှမ်းပစ်တာမျိုးတို့ လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုးတို့ ဒါတွေတော့ ရှိတယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန် တိုက်ပွဲတွေတော့မရှိဘူး ဟု ပြောသည်။

လက်ရှိ ကချင်ပြည်ရှိ မြို့နယ် အများစုတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှု မရှိသော်လည်း စစ်ရေးတင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။

စစ်ရေးတင်းမာမှုများနှင့်အတူ စစ်ရေးပဋိပက္ခအတွင်းက ပြည်သူများသည် စစ်ကော်မရှင်တပ်များ၏ စစ်ရေး လှုပ်ရှားမှုများနျင့်အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စိုးရိမ်စိတ် များဖြင့် နေနေရဆဲဖြစ်သည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

ဓါတ်ပုံ – ပုံဟောင်း (Banmaw Scout Team)