တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပဲ မော်လူးမြို့ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ အရေးပါသော လမ်းမကြီးပေါ်တွင် တည်ရှိသည့် မော်လူးမြို့ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆယ်ကျော်သက် လူငယ်တစ်ဦး ဒဏ်ရာရရှိကာ ဘာသာရေး အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စင်းသည် မော်လူးမြို့အနီးရှိ နန်းခွင်းကျင်ကျေးရွာသို့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော် တော်လှန်ရေး Indaw Revolution IR က ထုတ်ပြန်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းဝင်း အတွင်းရှိ အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့သည့် အပြင် အနီးနားရှိ အဆောက်အအုံ အချို့လည်း ထိခိုက်ပျက်စီးခဲ့ကာ အသက် (၁၀) နှစ် ကျော်အရွယ် လူငယ် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
ဒေသခံအမျိုးသားတစ်ဦးက “လေကြောင်းဗုံးကြဲပြီဆိုတာနဲ့ အကုန်ပြေးကြတာ။ ဝပ်နေတာတစ်ယောက်မှ မရှိဘူး။ လေယာဉ်ဗုံးကြဲပြီ ဗုံးခိုကျင်းမရှိဘူးဆိုရင်တောင် နီးစပ်ရာမြောင်းတွေတို့ မြေနိမ့်ပိုင်းတွေမှာ ဝပ်နေ ရမှာလေ။ ပြေးတယ်ဆိုပိုဆိုးမှာ၊ တကယ်တော့ လေယာဉ်ဗုံးကြဲရင် ပြေးလို့ထိကြတာပါဘဲ” ဟု ၎င်းတို့ကြုံတွေ့ ရသည့် အခြေအနေကို ပြောပြသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် စစ်ကိုင်းတိုင်း မြောက်ပိုင်းနှင့် ကချင်ပြည်အစပ်ရှိ ကောလင်း၊ အင်းတော်၊ မော်လူး၊ ပင်လည်ဘူးနှင့် ကသာမြို့တို့ကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။
ထူးခြားချက်မှာ အဆိုပါဒေသအများစုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကိုသာ ဦးတည်တိုက်ခိုက် နေခြင်း ဖြစ်သည်။
မြေပြင်သတင်းရင်းမြစ်က “ဒီရက်ပိုင်းက စစ်ကိုင်းကချင်အစပ် အင်းတော်ရယ်၊ ထီးချိုင့်လည်းကြဲတယ်။ ကော လင်းကိုလည်း ကြဲတယ်လေ။ ဒီဘက်မှာ စစ်ရေးပစ်မှတ်လည်း ဘာမှမရှိပါဘူး။ တိုက်ပွဲလည်း ဘာမှ မရှိပါဘူး။ အဲ့ဒါကြောင့် ဘယ်လိုကြောင့် ကြဲလဲဆိုတာ ပြောပြလို့ကို မတတ်ဘူး။ ထုံးစံအတိုင်း အရပ်သားတွေကို ပစ်မှတ် ထား ကြဲတဲ့ပုံစံမျိုး ဖြစ်နေပြီ” ဟု ပြောသည်။
မော်လူးမြို့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ် ထားသည့် မြို့ဖြစ်ပြီး လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ် နေသော နေရာဖြစ်သည်။
ထို့အပြင် မော်လူးမြို့သည် အင်းတော်နှင့် ကသာမြို့နယ်များမှ စစ်ဘေးရှောင်များ လာရောက်ခိုလှုံရာ အန္တရာယ် ကင်းဇုန်သဖွယ် ဖြစ်နေချိန်တွင် စစ်ကော်မရှင်တပ်က ယခုကဲ့သို့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။
မြေပြင်သတင်းရင်းမြစ်များကမူ စစ်ကော်မရှင်သည် ၎င်းတို့ လက်လွှတ်ထားရသည့် မြို့ရွာများတွင် တော်လှန် ရေး အင်အားစုများ အနေဖြင့် အုပ်ချုပ်ရေး ယန္တရားများ အခြေမချနိုင်ရန်နှင့် ပြည်သူများ ထိတ်လန့်တုန်လှုပ် နေစေရန် ရည်ရွယ်၍ တိုက်ပွဲမရှိဘဲ လေကြောင်းပစ်ကူများကို အလွဲသုံးစားလုပ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။