KIO  သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် အထူးအင်တာဗျူး

ကချင်ပြည်အတွင်းက စစ်ရေးအခြေအနေတွေဟာ မြေပြင်မှာ ခဏတာ ငြိမ်သက်နေသလို ထင်ရပေမယ့် တစ်ဖက်မှာတော့ နိုင်ငံတကာ ဖိအားတွေနဲ့ စစ်ရေးတင်းမာမှုတွေက ပိုပြီး မြင့်တက်လာနေပါတယ်။ 

အင်တာဗျူး အပိုင်း (၁)

မြစ်ကြီးနားမှာ လေယာဉ်ကို ဘယ်သူ ပစ်တာလဲ၊ 

မကြာသေးခင်ကပဲ တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ခေါင်းဆောင်တဲ့ အဖွဲ့ တို့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုမှာ တရုတ်ဘက်က ဘာတွေ ပြောခဲ့တယ်ဆိုတာကို KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပြပါတယ်။  


ဗိုလ်မှူးကြီးနော်ဘူ – ဖေဖော်ဝါရီလ နောက်ဆုံးအပတ်လောက်မှာ ကျနော်တို့ KIA ဥက္ကဋ္ဌ နဲ့ ဒု-ဥက္ကဋ္ဌ တို့အဖွဲ့နဲ့ တရုတ်က လူကြီးတွေနဲ့ တွေ့တာရှိပါတယ်။ သူတို့မေးတာကတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြစ်ကြီးနား ပြည်သူလူထု စီးနင်းနေတဲ့ လေယာဉ်ပစ်တာကို KIO/KIA အဖွဲ့အစည်းကနေ ပစ်တာ ဖြစ်ပါတယ်ဆိုပြီးမှ စစ်ကော်မရှင်ကနေ စွပ်စွဲထားတာ ရှိတယ်။ တရုတ်အစိုးရကလည်း အဲ့ဒါကို ကြားလို့ ကျနော်တို့နဲ့ တွေ့တဲ့ အချိန် မှာ ‘ခင်ဗျားတို့ ပစ်တာဟုတ်ပါသလား’ ဆိုပြီးမှ မေးတယ်။ ဒါတစ်ချက်။

မေး – ဟုတ်ကဲ့ လေယာဉ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIO ဘက်က ဘယ်လို ပြန်လည်တုံ့ပြန်ခဲ့လဲဗျ။

ဗိုလ်မှူးကြီးနော်ဘူ – ကျနော်တို့ကတော့ ဘာတုန့်ပြန်မှု ပေးရမှာလဲ။ လေယာဉ်ပစ်တာက ကျနော်တို့ မဟုတ်ဘူး လို့ ပြောပြီး အဲဒါ တုန့်ပြန်တာပဲ။ ကျနော်တို့ ပစ်တာမဟုတ်ဘူး ကျနော်တို့ ဒါမျိုးပေါ်လစီ မရှိဘူး။ ညွှန်ကြား တာလည်း မရှိဘူး။ ဘယ်အဖွဲ့အစည်းကနေ ပစ်တာလည်း ကျနော်တို့ မသိဘူး လို့ ဖြေထားတယ်။ 

မေး – တခြားရော ဘာတွေ ပြောလာတာ ရှိသေးလဲ။ စစ်ကော်မရှင်နဲ့ နိုင်ငံရေးဆွေးနွေးဖို့ တရုတ်ရဲ့ အကြံပြုချက်အပေါ် KIO ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။


ဗိုလ်မှူးကြီးနော်ဘူ – ဒုတိယအချက်ကတော့ သူတို့အကြံပြုတာကတော့ ခင်ဗျားတို့လည်း စစ်ကော်မရှင်နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ အကြံပြု လိုပါတယ် ဆိုပြီးမှ ပြောတာ အဲဒါ နှစ်ချက်။ သုံးချက်ကတော့ တရုတ်ပြည်ရဲ့ နှစ်သစ်ကူးအချိန်ကာလ လည်းဖြစ်နေလို့ ကျနော်တို့ကို နှစ်သစ်ကူးအချိန်ကာလမှာ လာတွေ့ဆုံတာ အဲဒါ သုံးချက် ဖြစ်ပါတယ်။ အဲဒီ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ တွေ့တာ။

နိုင်ငံရေး ဆွေးနွေးပါဆိုတာက ဒါက အမြဲတမ်းပြောနေတဲ့ စကားဖြစ်ပါတယ်။ ကျနော်တို့ ဆွေးနွေးပွဲ လုပ်မယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ ဆွေးနွေးဖို့ အဆင့်သင့် ဖြစ်ပါတယ်။ အခုလောလောဆယ် အချိန်ကာလမှာကတော့ စစ်ကော်မရှင်ဖက်ကနေ နိုင်ငံရေးဆွေးနွေး တကယ့် မြန်မာနိုင်ငံလုံးနဲ့ ဆိုင်တဲ့ မြန်မာ့ ပြည်တွင်းစစ် အဆုံးသတ် နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကတော့ အခုချိန်မှာ စစ်ကော်မရှင်ဖက်ကနေ လုပ်မယ့် အလားအလာ ကျနော်တို့လည်း မတွေ့ဘူး။ သူတို့လည်း အဲဒါကို မပြောဘူး။ ဒါကြောင့် ကျနော်တို့လည်း ဆွေးနွေးဖို့ အဆင်မပြေတာ။ တကယ် လို့ နိုင်ငံရေးအပြောင်းအလဲ ရှိနိုင်လောက်တဲ့ ဆွေးနွေးပွဲဆိုလို့ရှိရင်တော့ ကျနော်တို့ တက်ဖို့ အဆင်သင့် ဖြစ်ပါတယ်ဆိုပြီးမှ ကျနော်တို့ ပြောတာ။

အင်တာဗျူး အပိုင်း (၂) 

ကချင်ပြည်အတွင်းက စစ်ရေး အခြေအနေတွေ ဘယ်လို ရှိသလဲ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ရဟတ်ယာဉ်တစ်စီး ပစ်ချ ခဲ့တယ် ဆိုတာနဲ့ ကချင်ပြည်က စစ်ရေး အခြေအနေတွေကိုတော့ ဗိုလ်မှူးကြီး နော်ဘူက အခုလို ဆက်ပြောပါတယ်။ 

ဗိုလ်မှူးကြီးနော်ဘူ – “ဗန်းမော်ဘက်မှာ တိုက်ပွဲက သိပ်ပြင်းထန်တာတော့ မရှိပေမဲ့ လေကြောင်းကနေ ပစ်တာ တွေ ရှိပါတယ်။ ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တယ်ဆိုတာကတော့ ပစ်လို့ ထိတော့ထိတယ်လို့ ပြောပါတယ်။ အဲဒီ Mi-17 ရဟတ်ယာဉ်ဟာ ရွှေကူမှာ ခဏဆင်းပြီးမှ ပြန်သွားတယ်လို့ သိရပါတယ်။ လူကြီးပိုင်းတွေ လဲတာ လား၊ ဒါမှမဟုတ် လူနာတွေကို ကယ်ထုတ်တာလားလို့တော့ သုံးသပ်နေကြပါတယ်။

မေး- ကချင်ပြည်တွင်းက တခြားမြို့နယ်တွေရဲ့ မြေပြင် စစ်ရေးအခြေအနေကရော ဘယ်လိုရှိနေလဲ ဗျ။

ဗိုလ်မှူးကြီးနော်ဘူ – လက်ရှိမှာတော့ ဖားကန့်ဘက်မှာ တိုက်ပွဲငယ်လေးတွေ ရှိပါတယ်။ ဝိုင်းမော်ဘက်မှာတော့ တစ်ပတ်လောက်ရှိပြီ မြေပြင်တိုက်ပွဲ မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီက ဗျူဟာကုန်းတွေကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် တစ်လပ်ကုန်းရပ်ကွက်က ပြည်သူ ၃ ယောက်လောက် ထိခိုက်တာရှိပါတယ်။ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူးနဲ့ အင်းတော်ကြီးဘက်တွေမှာတော့ မြေပြင်တိုက်ပွဲ မရှိဘဲ ငြိမ်နေပါတယ်။ တချို့နေရာတွေမှာ စခန်းသိမ်းတယ်ဆိုတာကတော့ လော်ဘီတွေ ရေးတာပဲ ဖြစ်မှာပါ။ အမှန်က စစ်ကောင်စီဘက်က ရောက်လာတဲ့ နေရာတွေကို ကျနော်တို့က ပြန်ဆုတ်ခိုင်းတဲ့ ပုံစံလောက်ပဲ ရှိပါတယ်။

မေး – စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရော ရှိလားဗျ။

ဗိုလ်မှူးကြီးနော်ဘူ – လေကြောင်းကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ လာတတ်ပါတယ်။ ဒါပေမဲ့ အဆိုးဆုံးက တော့ တိုက်ပွဲမရှိဘဲနဲ့ ပြည်သူတွေရှိတဲ့နေရာကို ဗုံးကြဲတာပါ။ ဥပမာ ဝိုင်းမော်မြို့နယ် ဆမ်ပိုင်ရွာဆိုရင် တိုက်ပွဲ လည်းမရှိ၊ စခန်းလည်းမရှိဘဲနဲ့ ညသန်းခေါင်ယံအချိန်မှာ လေယာဉ်နဲ့လာပြီး ဗုံးကြဲသွားပါတယ်။ ဒါမျိုး ပြည်သူ လူထု သက်သက်ကို ပစ်မှတ်ထားတာတွေ ရှိနေပါတယ်။

မေး- တခြား ဘယ်နေရာတွေမှာကော စစ်ရေးတင်းမာမှုတွေ ရှိနေပါသလဲ။


ဗိုလ်မှူးကြီးနော်ဘူ – ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီးနဲ့ ခေါင်လန်ဖူးတို့မှာတော့ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့အထိ စစ်ရေးတင်းမာနေတဲ့ အနေအထားမှာ ရှိနေပါတယ်ခင်ဗျ။

#ဗိုလ်မှူးကြီးနော်ဘူ #ကချင်လွတ်လပ်ရေးအဖွဲ့ #KIO #KIA #တရုတ်ကိုယ်စားလှယ်တွေ့ဆုံမှု #နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ