စစ်ပွဲ ၂ လ ကြာမြင့်ပါက ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းက ဘတ် ဘီလီယံ ၄၀ ဆုံးရှုံးဖွယ်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်။
ပင်လယ်ကွေ့ စစ်ပွဲ ၂ လ ကြာမြင့်ခဲ့မည်ဆိုပါက ထိုင်း ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဘတ် ဘီလီယံ ၄၀ ကျော် ဆုံးရှုုံးနိုင်ချေရှိသည်ဟု ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာနက ခန့်မှန်းထားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် Natthriya Thaweevong က အဓိက အားဖြင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပမှာ ခရီးသွားများကို ဆုံးရှုံရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ပင်လယ်ကွေ့စစ်ပွဲ ရက်သတ္တပတ် ၈ ပတ်ကြာမြင့်ခဲ့ပါက နိုင်ငံခြား ခရီးသွား ၆ သိန်းနီးပါး လျော့နည်းသွားနိုင်ပြီး ဝင်ငွေ ဘတ် ၄၀.၉ ဘီလီယံခန့် ဆုံးရှုံးနိုင်သည်။
ရက်သတ္တပတ် ၄ ပတ် ကြာမြင့်ခဲ့ပါက ခရီးသွား ၃ သိန်းကျော် လျော့နည်းပြီး ဝင်ငွေ ဘတ် ၂၁.၅ ဘီလီယံ လျော့ကျမည်ဖြစ်ပြီး ၃ ပတ်အောက်ဆိုပါက ခရီးသွား ၂ သိန်း ဝင်ငွေ ဘတ် ၁၃.၁ ဘီလီယံ လျော့ကျသွားနိုင်သည်ဟု ခန့်မှန်းထားသည်။
ပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၂၈ မှ မတ် ၅ အတွင်း ခရီးစဉ် ၄၀၉ ခု ဖျက်သိမ်းခဲ့ရသည်။
လေယာဉ် ဆီဈေးတက်ခြင်းနှင့် လမ်းကြောင်းလွှဲပျံသန်းရခြင်းကြောင့် လေယာဉ်လက်မှတ်ခများ မြင့်တက်လာနိုင်ဖွယ်ရှိနေပြီး ဥရောပတွင် ငွေကြေးဖောင်းပွမှုကြောင့် ခရီးသွားများ၏ သုံးစွဲနိုင်စွမ်း လျော့ကျသွားနိုင်ဖွယ်ရှိနေသည်။
ဆုံးရှုံးမှုများကို ကာမိစေရန် ထိုင်းနိုင်ငံ နိုင်ငံခြား ခရီးသွား လုပ်ငန်း အနေဖြင့် ဥရောပအစား အနီးအနားရှိ မလေးရှား၊ အိန္ဒိယနှင့် တောင်ကိုရီးယား ကဲ့သို့သော ခရီးတို (Short-haul) ဈေးကွက်များကို ပိုမိုဦးစားပေး ဆွဲဆောင်သွားရန် စီစဉ်နေသည်။
အာရှနှင့် အရှေ့တောင်အာရှကို ဥရောပနှင့် ချိတ်ဆက်ပေးမည့် လေကြောင်းဗဟိုချက် (Aviation Hub) အဖြစ် မြှင့်တင်ရန် အခွင့်အရေးတစ်ရပ်အဖြစ်လည်း ကြိုးပမ်းနေသည် ဆိုသည်။