အီရန်ဆန္ဒပြပွဲများအပေါ် အမေရိကန်သမ္မတ သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
အီရန်နိုင်ငံအတွင်း ဆန္ဒပြသူများအပေါ် အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြင်းထန်စွာ သတိပေးလိုက်သည်။
အီရန်အစိုးရသည် အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်နေပြီး အမေရိကန်က သတ်မှတ်ထားသည့် “အနီရောင်မျဉ်း” (Red lines) ကို စတင်ကျော်လွန်နေပြီဟု သမ္မတထရန့်က ပြောကြားခဲ့သည်။
အကယ်၍ အမေရိကန်၏ အကျိုးစီးပွားကို ထိပါးလာပါက သို့မဟုတ် အခြေအနေများ ပိုမို ဆိုးရွားလာပါက အလွန်ပြင်းထန်သည့် နည်းလမ်းများနှင့် တုံ့ပြန်ရန် ပြင်ဆင်ထားသည်ဟု ပြောသည်။
ယင်းတုန့်ပြန်မှုသည် မြေပြင်စစ်သားစေလွှတ်ခြင်းမျိုး မဟုတ်ဘဲ အီရန်အစိုးရ နာကျင်စေမည့် တုံ့ပြန်မှုမျိုး ဖြစ်မည်ဟု ဆိုသည်။
လက်ရှိတွင် အီရန်နိုင်ငံ၏ မြို့ပေါင်း ၁၉၀ ကျော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြန့်နှံ့နေပြီး အစိုးရ၏ နှိမ်နင်းမှုကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးကာ ၁၀,၀၀၀ ကျော် ဖမ်းဆီးခံထားရသည်။
အီရန်ပြည်သူများကလည်း “ဒါဟာ နောက်ဆုံးတိုက်ပွဲ ဖြစ်တယ်” ဆိုပြီး လမ်းပေါ်ထွက် ဆန္ဒ ပြနေကြသည်။ ဆန္ဒပြသူများအပေါ် သတ်ဖြတ် ဖမ်းဆီးမှုများ ရှိနေသော်လည်း ဆက်လက် ဆန္ဒပြနေကြခြင်း ဖြစ်သည်။
အီရန်အစိုးရက သတင်းအချက်အလက်များ အပြင်ကိုမထွက်စေရန် အင်တာနက်များကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပိတ်ပင်ထားသည်။
အီရန်ဘက်ကတော့ အမေရိကန်ကသာ ကြားဝင်စွက်ဖက်မည် ဆိုပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များနှင့် အစ္စရေးနိုင်ငံတို့ကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ပြန်လည်ခြိမ်းခြောက်ထားသည်။