ထိုင်းနိုင်ငံတွင် နီပါး ဗိုင်းရပ်စ် (Nipah Virus) ကာကွယ်ရေး လုပ်ငန်းများစတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။ 

ထိုင်းနိုင်ငံတွင် အိန္ဒိယမှ စတင်ဖြစ်ပွားလာသော နီပါးဗိုင်းရပ်စ် (Nipah virus) ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် ကိုဗစ်-၁၉ ကာလက ကျင့်သုံးခဲ့သည့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ပြန်လည်အသုံးပြုနေပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီရာကူးလ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးသော်လည်း ကျန်းမာရေးစစ်ဆေးမှု စနစ်များကို ကိုဗစ်-၁၉ ကူးစက်မှုကာလက အသုံးပြုခဲ့သည့် စံနမူနာများအတိုင်း ပြန်လည်ပြင်ဆင်ပြီး ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဤဗိုင်းရပ်စ်မှာ တိရစ္ဆာန်မှ လူကို ကူးစက်သော ဗိုင်းရပ်စ် ဖြစ်ပြီး လင်းနို့များမှ တဆင့် ကူးစက်သည်ဟု ဆိုသည်။ ထို့ပြင် လူလူချင်းလည်း လူမှ ထွက်သော အရည်များကို ထိတွေ့မိချင်းဖြင့် ကူးစက်နိုင်သည်။ 

ကူးစက်ခံရပါက သေဆုံးနှုန်း သေဆုံးနှုန်း မြင့်မားပြီး  ၄၀% မှ ၇၅% အထိ ရှိနိုင်သည်ဟု ဆိုသည်။ 

ဤဗိုင်းရပ်စ်အတွက် ကုသရန် ဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးသောကြောင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသည့် နိုင်ငံများမှ လာရောက်သူများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားနေသည့် နီပါးဗိုင်းရပ်စ်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ခြင်းမရှိရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အကြောင်းမှာ ဤဗိုင်းရပ်စ်သည် လေထဲမှတဆင့် မကူးစက်ဘဲ ခန္ဓာကိုယ်ထွက်ရည်များမှတဆင့်သာ ကူးစက်ခြင်းကြောင့် ဖြစ်သည်။

ပြည်သူများအနေဖြင့် ပုံမှန်အတိုင်း နေထိုင်နိုင်ပြီး အစားအစာကို ပူပူနွေးနွေးစားခြင်း၊ ဟင်းခက်ဇွန်းအသုံးပြုခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်းနှင့် လက်ဆွဲနှုတ်ဆက်ခြင်းများကို ရှောင်ကြဉ်ခြင်း စသည့် ကျန်းမာရေးအလေ့အကျင့်များကို လိုက်နာရန် တိုက်တွန်းထားသည်။

ဆေးဘက်ဆိုင်ရာ သိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နတ်သဖွန်းက ရောဂါဖြစ်ပွားလာပါက အသင့်ဖြစ်စေရန်အတွက် –

လက်အောက်ခံ ဆေးရုံများတွင် ကျွမ်းကျင်ဝန်ထမ်းများ၊ သီးသန့်လူနာဆောင်များ (Isolation Wards) နှင့် လိုအပ်သော ဆေးဝါးပစ္စည်းများကို အသင့်ပြင်ထားရန် ညွှန်ကြားထားသည်။

ဘန်ကောက်ရှိ Rajavithi ဆေးရုံ နှင့် (Queen Sirikit) ကွင်းသီရိခေတ် ကလေးကျန်းမာရေးဌာန အပါအဝင် အဓိက ဆေးရုံကြီးများတွင် ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးရန် ညွှန်ကြားထားသည်။ 

ရောဂါလက္ခဏာများ

နီပါးဗိုင်းရပ်စ် ကူးစက်ခံရပါက စတင်ကူးစက်သည်မှ ရောဂါ ဖြစ်ပွားသည်အထိ ပျိုးကာလမှာ ပုံမှန်အားဖြင့် ၄ ရက်မှ ၁၄ ရက် အထိ ကြာမြင့်တတ်ပြီး အောက်ပါလက္ခဏာများ ပေါ်ပေါက်တတ်ပါသည်။

  • ကနဦးလက္ခဏာများ: ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း စသည့် တုပ်ကွေးနှင့်ဆင်တူသော လက္ခဏာများ ခံစားရတတ်သည်။
  • ပြင်းထန်သည့် အခြေအနေ: ရောဂါအခြေအနေ ဆိုးရွားလာပါက မူးဝေခြင်း၊ သတိလစ်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး နောက်ဆက်တွဲ ပြဿနာအနေဖြင့် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) အထိ ဖြစ်ပွားနိုင်သည်။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ: အသက်ရှူရခက်ခဲခြင်းနှင့် အဆုတ်ရောင်ခြင်း စသည့် ဝေဒနာများကိုလည်း ပြင်းထန်စွာ ခံစားရနိုင်သည်။

ကူးစက်နိုင်သည့် နည်းလမ်းများ

နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှ လူသို့သော်လည်းကောင်း၊ လူအချင်းချင်းသော်လည်းကောင်း အောက်ပါအတိုင်း ကူးစက်နိုင်ပါသည်။

  • တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ခြင်း: ဗိုင်းရပ်စ်ပိုး ရှိနေသော လင်းနို့များ ကိုက်ထားသည့် သစ်သီးဝလံများကို စားမိခြင်း သို့မဟုတ် ရောဂါပိုးရှိသော ဝက်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်ပါသည်။
  • လူချင်းကူးစက်ခြင်း: ရောဂါပိုးရှိသူ၏ တံတွေး၊ ဆီးနှင့် သွေး စသည့် ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် ကူးစက်နိုင်ပါသည်။ (သို့ရာတွင် ဤဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် ကူးစက်ခြင်း မရှိကြောင်း သိရှိရပါသည်။)

ကာကွယ်ရမည့် နည်းလမ်းများ

လက်ရှိအချိန်အထိ နီပါးဗိုင်းရပ်စ်အတွက် ထိရောက်သော ကုသဆေးနှင့် ကာကွယ်ဆေးများ ရှာဖွေတွေ့ရှိခြင်း မရှိသေးသဖြင့် အောက်ပါနည်းလမ်းများဖြင့် ကြိုတင်ကာကွယ်ရန် အထူးအရေးကြီးပါသည်။

  • သစ်သီးဝလံများကို သတိပြုခြင်း: တိရစ္ဆာန်များ ကိုက်ထားသည့် လက္ခဏာရှိသော အသီးအနှံများကို စားသုံးခြင်းမှ လုံးဝရှောင်ကြဉ်ရပါမည်။ သစ်သီးများကို မစားသုံးမီ စင်ကြယ်စွာ ဆေးကြောခြင်းနှင့် အခွံနွှာ၍ စားသုံးခြင်းတို့ကို ပြုလုပ်ရပါမည်။
  • တိရစ္ဆာန်များနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း: ဖျားနာနေသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမည်။
  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုခြင်း: လက်ကို ဆပ်ပြာနှင့် ရေဖြင့် မကြာခဏ စနစ်တကျ ဆေးကြောရပါမည်။
  • အစားအစာကို ကျက်အောင်ချက်ပြုတ်ခြင်း: အစားအစာများကို သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ပြီး သေချာစွာ ကျက်အောင် ချက်ပြုတ်စားသောက်ရပါမည်။

Photo:กรมควบคุมโรค กระทรวงสาธารณสุข