ရှောင်ရှောင် (Xiao Xiao) နဲ့ လေလေ (Lei Lei) ပန်ဒါ အမွှာ အိမ်ပြန်ရတော့မယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ အူအဲနို (Ueno) တိရစ္ဆာန်ဥယျာဉ်မှာ ဇန်နဝါရီလ ၂၅ ရက်၊ တနင်္ဂနွေနေ့က လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေခဲ့ပါတယ်။
အဲဒါကတော့ ဂျပန်မှာ နောက်ဆုံးကျန်ရစ်တဲ့ ရှောင်ရှောင် (Xiao Xiao) နဲ့ လေလေ (Lei Lei) ဆိုတဲ့ အမြွှာပန်ဒါလေးနှစ်ကောင်ကို နောက်ဆုံးအကြိမ် လူထုကြည့်ရှုခွင့်ပေးတဲ့နေ့ ဖြစ်လို့ပါပဲ။
ကြည့်ရှုလိုသူတွေ များပြားလွန်းတဲ့အတွက် မဲဖောက်ပြီး ကြည့်ရှုခွင့်ပေးခဲ့ရပါတယ်။ လူ တစ်ဦးကို ၁ မိနစ်နှုန်းနဲ့ လူပေါင်း ၄၀၀၀ ကျော်သာ ပန်ဒါ အမွှာကို မျက်မြင် နှုတ်ဆက်ခွင့်ရခဲ့ကြတယ်လို့ ဆိုပါတယ်။
တချို့လူတွေက ကြည့်ရှုခွင့် မရခဲ့ပေမယ့် ပန်ဒါတွေကို နှုတ်ဆက်တဲ့အနေနဲ့ တိရစ္ဆာန်ရုံကိုတော့ လာလည်ကြတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ၁၉၇၂ ခုနှစ်၊ ဂျပန်နဲ့ သံတမန်ရေးရာ ပြန်လည်စတင်တဲ့ အထိမ်းအမှတ်အဖြစ် ပန်ဒါတွေကို ပထမဆုံး လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့ အခုအခါမှာတော့ တရုတ်နဲ့ ဂျပန်ကြားမှာ ထိုင်ဝမ်အရေး၊ လုံခြုံရေးနဲ့ ကုန်သွယ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။
ဂျပန်ဝန်ကြီးချုပ် စာနာအဲ တာကာအိချိ (Sanae Takaichi) ရဲ့ မှတ်ချက်တွေကြောင့်လည်း တရုတ်ဘက်က မကျေမနပ် ဖြစ်နေပါတယ်။
ဒါကြောင့် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ပင်ဒါ ဝက်ဝံအားလုံးရဲ့ ပိုင်ရှင်ဖြစ်တဲ့ တရုတ်နိုင်ငံက ဂျပန်မှာရှိတဲ့ ပင်ဒါ နှစ်ကောင်ကို ပြန်တောင်းယူ ခဲ့တာပါ။
ပန်ဒါတွေ မရှိတော့တာဟာ စိတ်ဓာတ်ရေးရာတင်မကဘဲ စီးပွားရေးအရပါ ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ စီးပွားရေးပညာရှင်တွေရဲ့ တွက်ချက်မှုအရ ပန်ဒါမရှိတဲ့အတွက် ဂျပန်နိုင်ငံဟာ တစ်နှစ်ကို ယန်းဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၁၂၈ သန်းခန့်) ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။
ဝက်ဘ်ဆိုက်အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ တာကာဟီရို တာကာအူဂျီ (Takahiro Takauji) ဟာ ဆိုရင် ပန်ဒါတွေကို ချစ်လွန်းလို့ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက နေ့တိုင်း တိရစ္ဆာန်ဥယျာဉ်ကို လာခဲ့သူပါ။ သူဟာ ပန်ဒါဓာတ်ပုံပေါင်း ၁၀ သန်းကျော် ရိုက်ကူးခဲ့ပြီး ပန်ဒါလေးတွေကို သူ့သားသမီးတွေလို သဘောထားသူဖြစ်ပါတယ်။ သူကတော့ ဂျပန်မှာ ပင်ဒါတွေ မရှိတဲ့နေ့ ရောက်လာမယ်လို့ သူတခါမှ မတွေးခဲ့မိဘူးလို့ ပြောပါတယ်။